
ဘားအံ ဧပြီ ၁၁
ကရင်ပြည်နယ် ဘားအံမြို့ (၃)ရပ်ကွက် ကမ်းနား လမ်း မြို့မဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၁ ရက်က အဆိုပါဘောလုံးကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြို့မဘောလုံးကွင်းကို ၁၉၂၀ ပြည့်နှစ် တွင် စတင်ဖောက်လုပ်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိကာ သမိုင်းအစဉ်အလာကြီးမားသည့်နေရာတစ်ခုဖြစ်ကြောင်း၊ ဘားအံမြို့နေ ပြည်သူများ ၏ ဆန္ဒသဘောထားကို အလေးအနက်ထားသော အားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၂၄၂ ဒသမ ၈၃ သန်းအကုန်အကျခံ၍ မြို့မဘောလုံးကွင်း အား မြေပြုပြင်ခြင်း၊ မြက်စိုက်ခြင်း၊ ပရိသတ် ၅၀၀ဆံ့ပွဲကြည့်စင်တည်ဆောက်ခြင်း၊ ခြောက်ခန်းတွဲ အများသုံးသန့်စင်ခန်း တစ်လုံး၊ ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်ကန်တစ်ကန်၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ မြက်ခင်း ရေဖျန်းစနစ်၊ ပါဝါမီတာတပ်ဆင်ခြင်းနှင့် မီးလိုင်းသွယ်တန်းခြင်း၊ ပေ ၁၀၁၀ ရှိ အုတ်သံပန်း ခြံစည်းရိုးတည်ဆောက်ခြင်း၊ ရေဆိုးထုတ်မြောင်းများ နှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ထည့်သွင်း အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့ဖွင့်လှစ် သည့် မြို့မဘောလုံးကွင်းကို ရေရှည်တည်တံ့ခိုင်မြဲပြီး သန့်ရှင်းသပ်ရပ်သာယာလှပသော ဘားအံမြို့၏ ဂုဏ်ဆောင် ဘောလုံးကွင်းအဖြစ် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မြို့မဘောလုံးကွင်း ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေက ကျေးဇူးတင်စကားပြောကြားပြီး အမိတာရာမ ရဲကျောင်းဆရာတော် ဘဒ္ဒန္တဂုဏာ လင်္ကာရ၊ မဂ္ဂင်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ၊ လေသာကျောင်းဆရာတော် ဘဒ္ဒန္တဉာဏိသရ၊ ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် မြို့မဘောလုံးကွင်းကော်မတီဥက္ကဋ္ဌတို့က ဘောလုံး ကွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က မြို့မဘောလုံးကွင်း ကမ္ပည်းမော်ကွန်း အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် မြို့မဘောလုံးကွင်းအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များမှာကြားကာ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်သည်။
ဘားအံမြို့မဘောလုံးကွင်းသည် ပြည်နယ် အဆင့်အားကစားသမားများကို မွေးထုတ်လေ့ကျင့် ပေးခဲ့သည့် ပြည်နယ်အားကစားကွင်းဟောင်းတစ်ခု ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် ဟိုတယ်နှင့် ကုန်တိုက် ဆောက်လုပ်ရန် နှစ် ၉၀ မြေငှားဂရန်ထုတ်ပေးခဲ့ခြင်း အား ၂၀၂၀ ပြည့်နှစ်တွင်ပြန်လည်ပယ်ဖျက်၍ ဘားအံ မြို့သူမြို့သားများ၏ ဆန္ဒသဘောထားအတိုင်း ပြည်နယ်ဝန်ကြီးချုပ်က မြို့မဘောလုံးကွင်းကို အဆင့်မြှင့်တင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)