နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ ထိန်းသိမ်းထားသော အပျော်စီးငါးဖမ်းရေယာဉ်အား ထိုင်းနိုင်ငံတာဝန်ရှိသူတို့ထံ လွှဲပြောင်းပေးအပ်

ကော့သောင်း    စက်တင်ဘာ    ၂၃

အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အစဉ် လေးစားလျက်ရှိသည့် မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ ရေပိုင်နက်အတွင်းဝင်ရောက်ခဲ့သော   ထိုင်းနိုင်ငံမှ အပျော်စီးငါးဖမ်းရေယာဉ်(Polaris One)ကို ထိန်းသိမ်း ခဲ့ရာ  စက်တင်ဘာ ၂၁ ရက်က အပျော်စီး ငါးဖမ်း ရေယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို ကော့သောင်းမြို့ မြို့မတံတား၌     ထိုင်းနိုင်ငံတာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။


ဖမ်းဆီးခဲ့ခြင်းဖြစ်

အဆိုပါ အပျော်စီးငါးဖမ်းရေယာဉ်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင် မြန်မာ့တပ်မတော်(ရေ)က  Roe  Bank  ကျွန်း၏  အနောက်တောင်ဘက် ရေမိုင် ၁၄ မိုင်ခန့်အကွာ မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းနိုင်ငံသား ၂၂ ဦးနှင့် မြန်မာနိုင်ငံသားနှစ်ဦးဖြင့် ၂၄ ဦးပါရှိသော ငါးဖမ်းရေယာဉ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ် ပြီး နိုဝင်ဘာ ၁၃ ရက်တွင် ဌာနစုံပါဝင်သော ပူးပေါင်း အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ  လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ဒဏ်ငွေပေးဆောင်စေလျက် ကိုဗစ်-၁၉ ရောဂါသတ်မှတ်ချက်နှင့်အညီ Quarantine ဝင်ပြီး နောက် ပြည်နှင်ဒဏ်ပေးခဲ့သည်။


အပျော်စီးငါးဖမ်းရေယာဉ် Polaris One  ရေယာဉ် အား မြန်မာ-ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထက်ဦးဆောင် သောအဖွဲ့က    ရနောင်းမြို့နယ်အဆင့်    နယ်ခြား ကော်မတီဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး Nop Phadon၊ ရေကြောင်း အမျိုးသား အကျိုးစီးပွားညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး  Nat   Charasakul၊   ထိုင်း-မြန်မာ ပင်လယ်ရေကြောင်းညှိနှိုင်းရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး Nopporn Meesawad တို့ ဦးဆောင်သော  တာဝန်ရှိသူတို့ထံသို့    ထိုင်းငါးဖမ်းရေယာဉ်နှင့် ရေယာဉ်ပေါ်ပါ ပစ္စည်းများကို စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
“ငါးဖမ်းရေယာဉ်နဲ့    မြားကိရိယာအချောင်း ၈၀ ခန့်အပါအဝင်  ဆက်စပ်ပစ္စည်းအားလုံးမကျန် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ပစ္စည်းတွေ ကို မပျောက်မပျက် ထိန်းသိမ်းပေးတဲ့အတွက် သူတို့ လည်း အံ့ဩနေကြတယ်။ နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှုပြီး အပြန်အလှန်လေးစားလိုက်နာမှုနဲ့ ဒီဘက် က လှေတွေ ရနောင်းမှာ ဖမ်းဆီးမှုမလုပ်ဖို့၊ ပါချန်မြစ် ဝှမ်းကနယ်စပ်မျဉ်းမှာ ငါးဖမ်းလှေတွေရှိတဲ့အတွက်  ဖမ်းဆီးမှုရှိခဲ့ရင်    နှစ်နိုင်ငံနယ်ခြားကော်မတီချင်း ညှိနှိုင်းဆောင်ရွက်ဖို့  ဆွေးနွေးကြပါတယ်။ ထိုင်း ငါးဖမ်းရေယာဉ်ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ အရ အရေးယူမှုမရှိတာဟာ နှစ်နိုင်ငံချစ်ကြည်ရေး  ကို အလေးထားကြောင်းပြသခဲ့တာပါ”ဟု ကော့သောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန့်ဇင် က ပြောသည်။

လွှဲပြောင်းပေးအပ်

ကော့သောင်းခရိုင်   မြန်မာ့ပင်လယ်ပြင်တွင် ၂၀၁၇  ခုနှစ်က   ထိုင်းငါးဖမ်းစက်လှေတစ်စင်းနှင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှ ငါးဖမ်း စက်လှေနှစ်စင်းကို ဖမ်းဆီးအရေးယူခဲ့သည်။  မြန်မာ နိုင်ငံအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုပြသ သည့်အနေဖြင့် ထိုင်းငါးဖမ်းရေယာဉ်ကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ကော့သောင်း မြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့တို့သည် နှစ်နိုင်ငံညီရင်း အစ်ကိုသဖွယ်  ကုန်သွယ်ရေးနယ်စပ်ဒေသတစ်ခု အဖြစ်   ရေထွက်ကုန်များ  စီးဆင်းလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ-သတင်းစဉ်၊ ဓာတ်ပုံ-ကနူး