
နှစ်ကူး ဆုတောင်း
* ပိတောက် ငုပန်း၊ သင်းပျံ့လန်းလျက်
တစ်ဝန်းပြည်ရွာ မွှေးပါစေ။
* သင်္ကြန်မိုးရေ၊ တန်ခူးလေနှင့်
ဒေသတစ်ဝန်း အေးပါစေ။
* နှစ်ဟောင်းကြုံရ၊ ဘေးဒုက္ခနှင့်
ကြောင့်ကြထွေထွေ၊ အတာရေဖြင့်
ရန်တွေ ကင်းစင် ဝေးပါစေ။
* တစ်မြေတည်း နေ၊ ဒို့တစ်တွေသည်
တစ်ရေတည်း သုံး၊ ဒို့အားလုံးသည်
စည်းလုံးခြင်း၏၊ “အား” ကို သိလျက်
ပြိုကွဲခြင်း၏၊ “အမှား”ကို သိလျက်
အရှိအတိုင်း၊ ချိန်မဆိုင်းဘဲ
တိုင်းရင်းသားချင်း၊ ချစ်ကြည်ခြင်းဖြင့်
ရင်တွင်းဆန္ဒ၊ ညှိနှိုင်းကြလျက်
မျှတသင့်မြတ်၊ အနာဂတ်ကို
ပေါင်းစပ်ပုံဖော်နိုင်ပါစေ။
* မြန်မာတွေ မာပါစေ။
မြန်ဌာနေ သာယာစေ။ ။
မျိုးမြတ်မြတ်မြင့်မောင်