
ရန်ကုန် ဇူလိုင် ၁၀
မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ အသင်းသား၊ အသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အကောင်အထည်ဖော်ဆောင်ရွက်
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီအတွင်း စားသုံးဆီ သိသိသာသာ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် ဆီထွက်သီးနှံ နေကြာ ဧက ၁၅ သိန်း တိုးချဲ့စိုက်ပျိုးရေးစီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်း အပြောင်းအလဲများကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးကို ထိခိုက်မှုမရှိစေရေးနှင့် ဆီထွက် သီးနှံကုန်ကြမ်း တင်ပို့ရောင်းချနေမှုမှ အရည်အသွေးမြင့်စားသုံးဆီ တင်ပို့သော နိုင်ငံအဖြစ်ရပ်တည်နိုင်ရေး စီမံဆောင်ရွက်ခြင်း၊ ဆီထွက် နေကြာ တိုးတက်စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်သည့် နေကြာမျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ယင်းလုပ်ငန်းအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ခြင်း၊ ဆီထွက်သီးနှံစိုက်ပျိုးစရိတ် ပံ့ပိုးမှုအစီအစဉ်အနေဖြင့် နေကြာသီးနှံ စိုက်ပျိုးစရိတ်ကို တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ ချေးငွေ အဖြစ် ပံ့ပိုးပေးခြင်းအပြင် နေကြာမျိုးစေ့ထုတ်လုပ်သူအတွက် ငွေကျပ် ၈၀၀၀၀ တိုးမြှင့်ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယခုကဲ့သို့သော အခြေအနေကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်များအချင်းချင်းအကြား၊ သက်ဆိုင်ရာ အသင်းအဖွဲ့များအကြား ညီညီညွတ်ညွတ် ပူးပေါင်းပြီး စားသုံးဆီ ကဏ္ဍဖွံ့ဖြိုးရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
လက်ရှိ ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုစာရင်းများအရ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ တစ်နိုင်ငံလုံး၌ ဆီစက် အကြီးစား ၂၃၀ ကျော်၊ ဆီစက် အလတ်စား ၉၂၀ ကျော်၊ ဆီစက်ငယ် ၃၁၀၀ ကျော်ရှိသဖြင့် ဆီစက်အကြီးစားမှာ တစ်နိုင်ငံလုံးရှိ ဆီစက်အားလုံး၏ ၅ ရာခိုင်နှုန်း သာရှိနေပြီး ဆီစက်အလတ်စား ၂၁ ရာခိုင်နှုန်း၊ ဆီစက်ငယ် ၇၃ ရာခိုင်နှုန်း ရှိသည်ကို တွေ့နိုင်ကြောင်း၊ တစ်နှစ်လျှင် စားသုံးဆီထုတ်လုပ်မှု တန်ချိန် ၆၆၀၀၀ ကျော်သာရှိ၍ ဆီစက်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုး လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံ ရေးသာမက စားသုံးဆီတင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်သည့် အလားအလာကောင်းများ ရှိနေကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရန် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် ညီနောင် အသင်းများက ကျရာအခန်းကဏ္ဍများက တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ဆီထွက်သီးနှံ စိုက်ပျိုးရေးအတွက် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်အသင်း က လိုအပ်နေသော စက်ယန္တရားကြီးများ၊ စွမ်းအားမြင့် လယ်ထွန်စက် ကြီးများ၊ မျိုးစေ့ချစက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ ထုတ်လုပ်ခြင်း အတွက် လိုအပ်သောနည်းပညာနှင့် အထောက်အကူပြုလုပ်ငန်းများ၊ နေကြာဆီကြမ်းများကို ပြန်လည်သန့်စင်မည့်နည်းပညာနှင့် စက်ပစ္စည်းဆိုင်ရာ အသိပညာများကို ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက နှစ်စဉ် ဆီတန်ချိန် တစ်သန်းခန့် လိုအပ်မှုကို ပြည်တွင်းထုတ်လုပ်မှုဖြင့် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းဆီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာရေးနှင့် နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးအတွက် ပြည်တွင်း ထုတ်လုပ်မှုနှင့် သုံးစွဲမှုအပေါ်အခြေခံပြီး ပြည်ပဆီတင်သွင်းမှုလျှော့ချရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက် ရှိသကဲ့သို့ တစ်ချိန်တည်းတွင် အဆင့်မြင့်ဆီစက်ကြီးများ ထူထောင်ရန် လိုအပ်နေမှုအပေါ် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးရန် လိုအပ် သည်များကို အပြည့်အဝဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစားအစာဘေးကင်း လုံခြုံရေးနှင့် ကုန်ပစ္စည်းအညွှန်းစာများ မှန်ကန်ရေး၊ ကုန်ပစ္စည်း အရည်အသွေး ထိန်းချုပ်ဆောင်ရွက်ရေး လိုအပ်ချက်များကို ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌက အသင်းဖြစ်တည် လာမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည် တော်များသည် ခန်းမအတွင်း ဆီစက်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်