နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အကြိုဂုဏ်ပြုဆောင်းပါး

Type
၁

ဆောင်းပါး

======

 

နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အကြိုဂုဏ်ပြုဆောင်းပါး

=================================

 

မောင်မိုးယံ (အမျိုးသားစာပေဆု)

===============

 

၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေး သမိုင်းတွင် ကမ္ပည်းတင်မည့် နှစ် (၁၀၀)ပြည့် (ရာပြည့် သဘင်ပွဲကြီး) လေးခု ဆင်ယင်ကျင်းပမည့် နှစ်ထူး နှစ်မြတ်ကြီး ဖြစ်သည်။

မြန်မာ့ရုပ်ရှင်ရာပြည့်၊ ရန်ကုန်တက္ကသိုလ်ရာပြည့်၊ အမျိုးသားအောင်ပွဲနေ့ ရာပြည့်၊ မြို့မအမျိုးသား ကျောင်းရာပြည့်ဆိုသော နှစ် (၁၀၀) သက်တမ်းကို ပြန်လည်ပုံရိပ်ဖော်ကာ အောက်မေ့ဖွယ်အခမ်းအနားကြီး များကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စိုင်းပြင်း ခဲ့ကြသော်လည်း ကိုဗစ်ရောဂါဆိုးကြီးကြောင့် အခမ်း အနားများကျင်းပရန် အခက်အခဲရှိသဖြင့် တေးသီချင်း များမှတစ်ဆင့်၊ ရုပ်မြင်သံကြားအစီအစဉ်များမှတစ်ဆင့်၊ သတင်းစာ၊ ဂျာနယ်များမှတစ်ဆင့် ထုတ်လွှင့်ပြသ၊ ရေးသားဖော်ပြနေကြသည်မှာ သမိုင်းကို မှတ်ကျောက် တင်နေကြခြင်း ဖြစ်ပါသည်။

မူလဇာတိဇာစ်မြစ်

ထိုအခမ်းအနားကြီးများအနက် အမျိုးသား အောင်ပွဲနေ့ရာပြည့်၏ မူလဇာတိဇာစ်မြစ်မှာ ကျွန်ပညာရေးစနစ်ဆိုးကြီးကို ကန့်ကွက်သပိတ်မှောက် သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့) ဖြစ်ပါသည်။ အမျိုးသားနေ့ (National Day) ဖြစ်ပေါ်လာပုံသည် ရန်ကုန်တက္ကသိုလ် ဖွားမြင်လာခြင်းနှင့် ဆက်စပ်နေသည်။ ရန်ကုန်တက္ကသိုလ် ကို ဗြိတိသျှအစိုးရက ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ယခုတည်ရှိနေသော ကမာရွတ်နယ်မြေထဲ တွင် စတင်ဖွင့်လှစ်ပြီး တက္ကသိုလ်အက်ဥပဒေကို ပြဋ္ဌာန်း ခဲ့သည်။ အဆိုပါ ရန်ကုန်တက္ကသိုလ်အက်ဥပဒေသည် ကျွန်ပညာရေးကို သက်ဆိုးရှည်စေသော ဥပဒေဖြစ်သလို မြန်မာလူမျိုးတို့၏ ဘာသာသာသနာနှင့် မြန်မာတို့၏ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်မှုအား ဖိနှိပ်ချုပ်ချယ် သည့်စနစ်ကို အခြေခံကာ ရေးဆွဲထားသော ဥပဒေ ဖြစ်သည်။ ထိုဥပဒေကို ပြင်ဆင်ပေးရန် ယုဒသန် ကောလိပ်နှင့် ရန်ကုန်ကောလိပ်ရှိကျောင်းသားများက စတင်တောင်းဆိုခြင်းကို ဗြိတိသျှအစိုးရက ငြင်းပယ်ခဲ့ သဖြင့် သပိတ်မှောက်ရာမှ အမျိုးသားနေ့ဆိုသော အမျိုးသားပညာရေးလှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့သည်။

အမျိုးသားပညာရေးလှုပ်ရှားမှုသည် ကျွန်စိတ်၊ ကျွန်သွေးများကို အမြစ်ကလှန်ပစ်သော အမျိုးသား စိတ်ဓာတ်ရေးရာလှုပ်ရှားမှုနှင့် အခြေအမြစ်မှ ယိုယွင်း ပျက်စီးနေသည့် ကိုလိုနီပညာရေးစနစ်ဆိုးကို အမြစ်က ဆွဲနုတ်မြေလှန်ပစ်သော အမျိုးသားပညာရေးလှုပ်ရှား မှုပင်ဖြစ်သည်။ ထိုလှုပ်ရှားမှုကြီး၏ အောင်ပွဲသည် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ၊ အလုပ်သမား လယ်သမား၊ သံဃာအပေါင်းမကျန် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံအားပေးမှုကို ရရှိခဲ့ပြီး ဗြိတိသျှအစိုးရ လက်မှိုင် ချခဲ့ရသည်။

မြန်မာမျိုးချစ်တို့ တိုက်ပွဲဝင်ကာ ထူထောင်နိုင် ခဲ့သော အမျိုးသားပညာရေးကျောင်းများ ပေါ်ပေါက် လာမှု သမိုင်းအစ လှုပ်ရှားမှုမှ အမျိုးသားအောင်ပွဲနေ့ ဆိုသော သမိုင်းဝင်ပန်းချီကားကြီးတစ်ချပ် ယနေ့တိုင် စိုက်ထူနိုင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် နှစ်(၁၀၀) တိုင်ခဲ့လေပြီ။ အမျိုးသားရေးစိတ်ဓာတ် ရှိသူတိုင်း ၏ နှလုံးသားတွင် အမျိုးသားအောင်ပွဲနေ့သည်ကား အမြဲကိန်းအောင်းလျက် ရှိနေကြပေမည်။

သူ့ကျွန်ဘဝ ကျရောက်

မြန်မာနိုင်ငံသမိုင်းတွင် အာဏာလုရင်း အချင်းချင်း စစ်ခင်းခဲ့ကြသော ပဒေသရာဇ်ခေတ်၏ အမွေဆိုးက တိုင်းပြည်ပြိုကွဲဖရိုဖရဲဖြစ်ရန် လမ်းစပေါ်ပေါက်မှုကို ဗြိတိသျှ၊ ပြင်သစ်၊ ပေါ်တူဂီတို့က စောင့်ကြည့်ကာ သွေးခွဲ ခဲ့ကြသည်။ မြန်မာဘုရင်၏ အားနည်းချက်ကို ဗြိတိသျှ အစိုးရက လက်ဦးမှုယူကာ (၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅) ခုနှစ် တို့တွင် စစ်ပွဲကြီး သုံးကြိမ်ဆင်နွှဲကာ မြန်မာတစ်နိုင်ငံလုံးကို ကျွန်အဖြစ် သိမ်းပိုက်ခဲ့သည်။ မြန်မာတို့ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရပြီးနောက် ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့တွင် သပေါက်ဘဝအထိ အိန္ဒိယအစိုးရ၏ တစ်ဆင့်ခံ အုပ်ချုပ်ခံဘဝကို ကျရောက်ခဲ့ရသည်မှာ သင်ခန်းစာ ယူသင့်သော သမိုင်းအလှည့်အပြောင်း ဖြစ်သည်။

ပညာမတတ်ခြင်းသည် အဆိုးဆုံးသော လူ့ဘဝ တန်ဖိုးနိမ့်ကျခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလ ကမ္ဘာ ပေါ်တွင် အင်အားပြိုင်ဆိုင်မှုများ ကြီးမားလာသောအခါ နောက်ဆုံးအဖြေမှာ ပညာသာလွန်မှုက လွှမ်းမိုးလာခြင်း ဖြစ်သည်။ အင်အားတောင့်တင်းခိုင်မာခြင်းက အမှန်တရား ဆိုပါလျှင် ပညာအားနည်းသော၊ နည်းပညာအစွမ်းအစ၊ တီထွင်မှုအားနည်းသော နိုင်ငံတို့ နောက်ကျကျန်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ယနေ့တိုင် Education Might ကို ရဖို့ ကြိုးပမ်းနေရဆဲ ဖြစ်သည်။

ဘာသာစကား ဆက်သွယ်ရေးသည် အရေးပါ

မြန်မာနိုင်ငံ ကျွန်ဘဝမရောက်မီက ဘုန်းတော်ကြီး ကျောင်းပညာရေးသည် အခရာဖြစ်သည်။ မိမိတို့ သားတော် များကို ဘုရင်က အဋ္ဌာရဿ ၁၈ ရပ်အနက် စာတတ်ရန် ဦးစွာ ဘုန်းကြီးကျောင်းဆရာတော်များထံတွင် အပ်နှံကာ ပညာသင်ကြားစေခဲ့သည်။ ဘုန်းကြီးတို့က ဗုဒ္ဓဘာသာ အခြေခံသော ပြည်သူ့နီတိကိုယ်ကျင့်တရား၊ မင်္ဂလာတရား တော်တို့နှင့်အညီ ကျင့်ကြံနေထိုင်တတ်ရန် သင်ကြားခဲ့ပြီး ကဗျာ၊ ဂီတ၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုများဖြင့် မိမိတို့ မျိုးရိုးဓလေ့အစဉ်အလာများကို ဆုံးမသွန်သင်ခဲ့ကြသည်။ သို့သော် ပြည်ပနိုင်ငံသားတို့ ဝင်ရောက်လာခြင်းမှအစ သာသနာပြုဖို့ ၊ စီးပွားရှာဖို့ဆိုသောအကြောင်းတွင် နေရာ ထိုင်ခင်းနှင့် ကျောထောက်နောက်ခံရှိဖို့ လိုအပ်သည်။ သာသနာပြုတို့က ဘုရင်ထံခစားဝင်ကြသလို စီးပွားရေး သမားကုန်သည်များက မိဖုရားများထံ မှူးကြီးမတ်ရာမှ တစ်ဆင့် ခစားဝင်ကြသည်။ ထိုအခါ ဘာသာစကား ဆက်သွယ်ရေးသည် အရေးပါကြောင်း သိလာကြသည်။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတွင် ဘာသာစကားတတ်မှ အဆင်ပြေနိုင်ကြောင်း သိလာသောအခါ ဘုရင်တို့က တိုင်းတစ်ပါးသို့ ပညာသင်စေလွှတ်ရန် နိုင်ငံခြားသား သာသနာပြုများကို နန်းတော်သို့ ဖိတ်ကြားကာ အင်္ဂလိပ်စာ၊ ပြင်သစ်စာစကားတို့ကို သင်ကြားစေခဲ့သည်။ ဤသို့ ဆရာတင်ရခြင်းက ပညာလိုလားမှုအစ ဖြစ်သည်။ မင်းတုန်းမင်းသည် အင်္ဂလန်မှရောက်နေသော သာသနာပြုဘုန်းကြီး (ဆရာမှတ်ကြီး)ကို မန္တလေးတွင် နေရာပေးကျောင်းဖွင့်ကာ သားတော်၊ တူတော်များကို အင်္ဂလိပ်ဘာသာစာပေစကား သင်ကြားစေခဲ့သည်။ သံဒင်းကျောင်းဟု ယခုတိုင် အမည်တွင်လျက်ရှိသည်။

နောင်အခါ ဆရာမှတ်ကြီးသည် ဘုရင့်ထံပါး တံခါးမရှိ၊ ဓားမရှိဝင်ခွင့်ရရာမှ ရန်ကုန်မြို့တွင် သာသနာပြု စာသင်ကျောင်းများ တစ်စတစ်စ ဖွင့်လှစ် နိုင်ခဲ့သည်။ ထိုမှတစ်ဆင့်နယ်များသို့ ပျံ့နှံ့ခဲ့သည်။ ၁၈၆၈ ခုနှစ်တွင် ဗြိတိသျှ မဟာဝန်ရှင်တော်မင်းကြီး အာသာ ဖယ်ရာသည် အခြေခံမူလတန်းမှ အလယ်တန်း၊ အထက်တန်း ပညာသင်ကြားနိုင်ရန် ပညာရေးစီမံကိန်းကို ရေးဆွဲပြီး ပညာရေးဌာန စတင်ဖွဲ့စည်းခဲ့သည်။ ၁၈၇၄ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မဟာ ဝန်ရှင်တော်မင်းကြီး ဖယ်ရာနေထိုင်သောအိမ်ကို အစိုးရ တန်းမြင့်ကျောင်း စတင်ဖွင့်လှစ်ခဲ့သည်။ ထိုတန်းမြင့် ကျောင်းသည် ယခု စင်ထရယ်ဟုခေါ်သော အ.ထ.က(၁)လသာ ယောကျ်ားလေးကျောင်း ဖြစ်သည်။ ထိုကျောင်း ကို ၁၈၇၈ ခုနှစ်တွင် တန်းမြင့်ကျောင်းအဆင့်မှ ရန်ကုန် ကောလိပ်အဖြစ် ဖွင့်ပြီး အိန္ဒိယ ကာလကတ္တားတက္ကသိုလ် ၏ အုပ်ချုပ်မှုအောက်တွင် ထားခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဘီအေဘွဲ့အထိ ပညာသင်ကြားခဲ့သည်။ သို့သော် အများစုမှာ အင်္ဂလိပ်နှင့် အိန္ဒိယနွယ်ဖွားများ၊ နိုင်ငံခြား သားများသာ တက်ကြရသည်။

မြန်မာလူငယ်တို့က တောင်းဆိုခဲ့ကြ

၁၈၇၂ ခုနှစ်တွင် အမေရိကန်သာသနာပြုအဖွဲ့က အလုံမြို့နယ်ရှိ ကူရှင်ကျောင်းနေရာတွင် ဘက်ပတစ် ကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ တနင်္သာရီနှင့် ရခိုင်ဒေသကို အင်္ဂလိပ်တို့က သိမ်းပိုက်ကျွန်ပြုထားပြီး ဖြစ်သည်။ ကူရှင်ကောလိပ်တွင် အများစုမှာ နိုင်ငံခြားသားများသာ ပညာသင်ကြားခွင့်ရခဲ့ကြသည်။ မြန်မာတို့မှာ သုံး၊ လေး၊ ငါးယောက်သာ တက်ခွင့်ရခဲ့သည်။ ကူရှင်ကောလိပ်ကို ၁၈၇၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်ဟု အမည်ပြောင်းကာ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ်မှု အောက်တွင်ထားရှိပြီး စာမေးပွဲစစ်ခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် ရန်ကုန်ကောလိပ်ကို သီးခြားတက္ကသိုလ်အဖြစ် ထူထောင်ရန် မြန်မာလူငယ်တို့က တောင်းဆိုခဲ့ကြသည်။ သို့သော် အင်္ဂလိပ်အစိုးရက မြန်မာလူမျိုးတို့ ပညာ မသင်ကြားနိုင်ရန်၊ စာမတတ်စေရန် ရည်ရွယ်ချက်ဖြင့် ခွင့်မပြုခဲ့ပေ။ ၁၈၉၄ ခုနှစ်တွင် ကူရှင်ရန်ကုန်ကောလိပ်၌ ဥပစာတန်း၊ ၁၉၀၉ ခုနှစ်တွင် ဘီအေတန်းများ ဖွင့်လှစ် ခဲ့သော်လည်း ကာလကတ္တားတက္ကသိုလ်မှ စစ်ဆေးသော စာမေးပွဲသာဖြစ်ပြီး မြန်မာကျောင်းသား ၁၀ ဦးတွင် တစ်ဦး၊ နှစ်ဦးသာ စာမေးပွဲ အအောင်ပေးခဲ့သည်။

b စာမျက်နှာ ၆ မှ

မြန်မာတို့ တက္ကသိုလ်ကောလိပ်ပညာရေးကို တက်ရောက်ရန် ခက်ခဲသလို အသက်မွေးဝမ်းကျောင်း ပညာဖြစ်သော စက်မှုပညာသင်ကျောင်းများတွင်လည်း တက်ရောက်ရန် အခွင့်အရေးမရခဲ့ပေ။ အင်းစိန်အစိုးရ စက်မှုလက်မှု သင်တန်းကျောင်းကို ၁၈၉၅ ခုနှစ်တွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် သင်တန်းသား ၆၃ ဦးရှိရာ အင်္ဂလိပ်ကပြား ကိုးယောက်၊ အိန္ဒိယနွယ်ဖွား ၄၀၊ မြန်မာ ၁၄ ဦးသာ တက်ခွင့်ရခဲ့သည်။ အဓိကရည်ရွယ်ချက်မှာ အင်္ဂလိပ် တို့၏ မီးရထားစက်ရုံ၊ သင်္ဘောကျင်းစက်ရုံ၊ သင်္ဘော လုပ်ငန်း၊ မီးရထားလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် အင်္ဂလိပ်နှင့် အိန္ဒိယနွယ်ဖွားများသာ အဓိက အလုပ် ခန့်ထားရန် ဖြစ်သည်။ မြန်မာတို့မှာ အင်းစိန်စက်မှု ကျောင်းမှ သင်တန်းဆင်းပါက အောက်ဆုံးအဆင့်တွင်သာ အလုပ်ရကြသည်။ စာပေသင်ကြားရန် ခက်ခဲသလို စက်မှု လက်မှု အတတ်ပညာတွင် သင်ကြားခွင့်ရရန် ခက်ခဲ ခဲ့ကြသည်။

ဂျပ်ဆင်ကောလိပ် ဖွင့်လှစ်

၁၉၁၈ ခုနှစ်တွင် အမေရိကန်သာသနာပြုဆရာကြီး မစ္စတာဂျပ်ဆင်ဆိုသူသည် သူ၏သာသနာပြု ထောက်ပံ့ ငွေဖြင့် ပြည်လမ်းတွင် ဂျပ်ဆင်ဘာသာရေးကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ဂျပ်ဆင်ကောလိပ်ကိုပါ ဖွင့်လှစ် ခဲ့သည်။ သူတို့ဘာသာ ကိုးကွယ်သူ မြန်မာလူငယ်များကို ဦးစားပေး ကျောင်းတက်ခွင့်ပြုခဲ့သည်။ ဂျပ်ဆင် ကောလိပ်ဖွင့်လှစ်ပြီးနောက် ဗြိတိသျှအစိုးရက ၁၉၁၈ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံတက္ကသိုလ်ကော်မတီကို ဖွဲ့စည်းသည်။ ထိုကော်မတီသည် တက္ကသိုလ် သင်ရိုးကိစ္စများကို အဓိကထားကာ အိန္ဒိယအစိုးရ ကာလကတ္တားတက္ကသိုလ်မှ ပညာရှင် ငါးဦးနှင့် မြန်မာ ကိုယ်စားလှယ်အချို့ ပါဝင်ဖွဲ့စည်းခဲ့သည်။

ကာလကတ္တားတက္ကသိုလ်၏ အကြံပြုချက်အရ-

(၁) တက္ကသိုလ်သည် ကောလိပ်ကျောင်းခွဲ မထားသည့် ဗဟိုတက္ကသိုလ်နှင့် ကျောင်းအိပ် ကျောင်းစား တက္ကသိုလ်ဖြစ်ရမည်။

(၂) ပညာရေးနှင့်ပတ်သက်သော ကိစ္စများကို ပညာရေးဆိုင်ရာအဖွဲ့ကသာ ကိုင်တွယ် ရမည်။

(၃) ပညာရေးနှင့် အုပ်ချုပ်ရေး ပူးပေါင်းဆက်သွယ် ဆောင်ရွက်ရမည်။

(၄) တက္ကသိုလ်၏ရေးရာများကို အစိုးရ လက်အောက်တွင် သီးခြားကင်းလွတ်သော အဖွဲ့အနေဖြင့် ဆောင်ရွက်ခွင့်ရှိသည်ဟု ဆိုသော အကြံပြုချက်ကို ဘုရင်ခံက လက်ခံကာ ၁၉၂၀ ပြည့်နှစ် ဇူလိုင်လတွင် ဘုရင်ခံကောင်စီအစည်းအဝေးတွင် တင်သွင်း ခဲ့သည်။

ထိုဥပဒေမူကြမ်းကို မဒရပ်တက္ကသိုလ်မော်ကွန်းထိန်းဖြစ်သူ မစ္စတာဒရူးဘာရီက ရေးဆွဲခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လတွင် ကျင်းပသော အစိုးရအိမ်တော် ဥပဒေပြု လွှတ်တော်အစည်းအဝေးတွင် ဥပဒေမူကြမ်းကို အဆိုတင်သွင်းရာ မြန်မာအမတ်များဖြစ်သည့် ဦးချစ်ဖေ၊ ဦးမြင့်၊ ဦးလှဖေ တို့က အကျယ်တဝင့်ကန့်ကွက်ခဲ့ကြသည်။ ကန့်ကွက်ချက်မှာ တက္ကသိုလ်ကို ယူနီထရီစနစ် (Unitary System) မျိုးဖြင့်မတည်ထောင်ဘဲ ဖက်ဒရယ် စနစ်မျိုးဖြင့်သာ တည်ထောင်ရန် ဖြစ်သည်။ ဥပဒေပြု ကောင်စီတွင်လည်း မြန်မာအများစု ပါဝင်ဖွဲ့စည်းရေး တောင်းဆိုခဲ့ကြသည်။

မြန်မာတို့က တက္ကသိုလ်တစ်ခု ရရှိလိုသော်လည်း ဗြိတိသျှတို့ ရေးဆွဲပေးမည့်ဥပဒေကြမ်းကို မလိုလား ကြပေ။ အိန္ဒိယမှ အကြံပြုရေးဆွဲသည့် ဥပဒေမူကြမ်း ပေါ်ပေါက်လာကတည်းကပင် ကန့်ကွက်ခဲ့ကြသည်။ မြန်မာနိုင်ငံကို အဆင့်အတန်းမြင့်မားသော အုပ်ချုပ်ရေး စနစ်ရရှိရေး တောင်းဆိုရန် အင်္ဂလန်တွင် ရောက်ရှိနေသော မြန်မာကိုယ်စားလှယ် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့က အင်္ဂလိပ် မိတ်ဆွေများမှတစ်ဆင့် ဗြိတိသျှအောက် လွှတ်တော်တွင် ကန့်ကွက်ပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ဇူလိုင်လတွင် ကျင်းပသော မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအသင်းကြီးကလည်း တက္ကသိုလ် ဥပဒေကို ကန့်ကွက်ခဲ့ကြသည်။ သို့သော် အင်္ဂလိပ်တို့က ခွင့်မပြုဘဲ မြန်မာတို့အပေါ် ကျွန်သက်ရှည်ရေးသာ စဉ်းစားခဲ့ကြသည်။ မြန်မာတို့လိုလားသော ပညာရေး ဥပဒေကြမ်း ပြုပြင်ရေးဆွဲရေးကို ခွင့်မပြုဘဲ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်ကောလိပ် ဥပဒေကို အတင်းအကျပ် ပြဋ္ဌာန်းခဲ့ကြသည်။

မြန်မာနိုင်ငံသားတို့သည် တက္ကသိုလ်ကောလိပ်ပညာသင်ကြားရေးတွင် အခက်အခဲအကျပ်အတည်း ဖြစ်ရုံမက အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်ခွင့်ရရေး၊ ပညာသင်ကြားရေးပါ နစ်နာဆုံးရှုံးခဲ့ကြသည်။ ဘုန်းတော် ကြီးပညာသင်ကြားရေးစနစ်သည် မူလတန်းအဆင့်သာ ရှိရာ အင်္ဂလိပ်တို့က အထက်တန်းပညာရေးဖွင့်ခွင့်မပေး သဖြင့် ကိုယ်ပိုင်အိမ်များတွင် အထက်တန်းပညာကို သင်ကြားကြပြီး တက္ကသိုလ်တက်ခွင့်ရရှိရေး ကြိုးစားခဲ့ကြ သည်။ သို့သော် ကာလကတ္တားတက္ကသိုလ်၏ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲအောင်မှသာ တက်ခွင့်ရခဲ့ကြသည်။ တစ်နှစ် လျှင် သုံး၊ လေးဦးသာ ခွင့်ပြုခဲ့ကြသည်။

သပိတ်မှောက်ရေးဆွေးနွေး

ထိုကာလတွင် တက္ကသိုလ်တက်ခွင့်ရနေသော ကျောင်းသားများအနက် ကိုဘရှင်၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်(MA)၊ ကိုဘခင်၊ ကိုအောင်ဒင်၊ ကိုဘဦးတို့ ၁၁ ဦးသည် ကောလိပ် ဥပဒေကြမ်းကို ကန့်ကွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရွှေတိဂုံဘုရား ကုန်းတော်ရှိ စနေထောင့်တွင် စတင်စုဝေးခဲ့ကြသည်။ တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရေးလျှို့ဝှက်စွာ နှစ်နာရီနီးပါး ဆွေးနွေးကြပြီးနောက် ရန်ကုန်တက္ကသိုလ် ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ ဒီဇင်ဘာလ ၄ ရက် နေ့တွင် ရန်ကုန်ကောလိပ်ရှိ ကျောင်းသားခေါင်းဆောင် ၁၁ ဦးနှင့် ယုဒသန်ကောလိပ်မှ ကိုဖိုးကျား၊ ကိုမြင့်၊ ကိုဖိုးလတ်အစရှိသော ကျောင်းသားခေါင်းဆောင်တို့ ပူးပေါင်းကြကာ ကောလိပ်ကျောင်းသား ၆၀၀ ကျော် စုဝေးပြီး သပိတ်မှောက်ရေးဆွေးနွေးခဲ့ကြသည်။

ကျောင်းသားသပိတ်အဖွဲ့က ဆွေးနွေးရာတွင် တက္ကသိုလ်အက်ဥပဒေကို ပြုပြင်ပေးရန်အတွက် သပိတ် မှောက်ကြရန် ယေဘုယျသဘောတူကြသည်။

(၁) တက္ကသိုလ်ဥပဒေကို ပြင်ဆင်ပေးရန်နှင့် ဘုရင်ခံထံ လျှောက်ထားရာ လိုက်လျောခြင်း မပြုသမျှ သပိတ်မှောက်ရန်၊

(၂) မကျေနပ်မှုများကို ထိထိရောက်ရောက် ပြသည့် အနေဖြင့် သပိတ်မှောက်ပြီးမှ လိုလားချက် တောင်းဆိုလွှာကို တင်ရန်ဟု ညှိနှိုင်းကြပါသည်။

ညှိနှိုင်းမှုတွင် သဘောထားနှစ်ရပ် ကွဲလွဲခဲ့ကြပါသည်။ မဲခွဲဆုံးဖြတ်ကြရာ သပိတ်မှောက်ပြီးမှ တောင်းဆိုလွှာကို တင်ရန်ဘက်မှ အနိုင်ရပါသည်။ ယုဒသန်ကောလိပ်မှ ကိုဖိုးကျား (နောင်တွင် ပညာဝန်)က ရှုံးသော်လည်း အနိုင် ရရှိသောအဖွဲ့နှင့်ပူးပေါင်းကာ သပိတ်မှောက်လှုပ်ရှားမှု တစ်လျှောက်လုံး အမျိုးသားပညာရေး ခရီးစဉ် တစ်လျှောက်လုံး မဖောက်မပြန် အတူလက်တွဲ တိုက်ပွဲ ဝင်ခဲ့ကြပါသည်။

ထိုသပိတ်မှောက်အဖွဲ့သည် အချက်သုံးချက်ကို ဆုံးဖြတ်ချက်ချမှတ်ကာ ရန်ကုန်တက္ကသိုလ်မှ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျောင်းကိုစွန့်ခွာ၍ ဗဟန်းကြားတောရ ဦးအရိယဘုန်းကြီးကျောင်းတွင် စုဝေးခဲ့ကြပြီး အဖွဲ့ဝင် ၂၆ ဦးပါဝင်သော သပိတ်မှောက် ကောင်စီကို ဖွဲ့စည်းခဲ့ကြပါသည်။

သပိတ်မှောက်ကျောင်းသားများသည် -

(က) ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက် အင်္ဂါနေ့ တွင် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ရန်ကုန် ကောလိပ်ကျောင်းသို့ လာရောက်ပြီး မြန်မာနိုင်ငံတွင် ရန်ကုန်တက္ကသိုလ် ဖွင့်လှစ် ကြောင်း ကြေညာသောအခါ ယုဒသန် ကောလိပ်နှင့် ရန်ကုန်ကောလိပ်မှ ကျောင်းသားများက မိမိတို့ စာအုပ်များကို ပိုက်ပြီး ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက် ပြီဟု အော်ဟစ်ကာ ကျောင်းမှ ထွက်လာရန်၊

(ခ) သပိတ်မှောက်ပြီးမှ ရန်ကုန်တက္ကသိုလ် အက်ဥပဒေသည် မြန်မာများ၏ အထက်တန်း ပညာရေးအတွက် နစ်နာအောင်ချုပ်ချယ်သည့် ဥပဒေသများဖြစ်၍ ပြုပြင်ပေးရန်၊

(ဂ) ပြုပြင်ပေးရန် တောင်းဆိုသော အချက်များကို ပြုပြင်မပေးသမျှ ကာလပတ်လုံး ကျောင်းပြန် မတက်ရန်ဆိုသော (၃)ချက်ကို ဆုံးဖြတ် ခဲ့ကြသည်။

သပိတ်မှောက်အဖွဲ့သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန္ဒပြရန် ရည်ရွယ်ခဲ့သော်လည်း အခြေအနေအရ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် နေ့တွင် စတင်သပိတ်မှောက်ခဲ့ကြပါသည်။ အကြမ်းမဖက်သောနည်းဖြင့် ကျယ်ပြန့်လှသော လူထု တိုက်ပွဲတစ်ရပ်ကို မြန်မာမျိုးချစ်ကျောင်းသားများ စတင်ကာ သပိတ်မှောက်ရာမှ နိုင်ငံတစ်ဝန်းရှိ ကျောင်းသား ထုတစ်ရပ်လုံး၊ ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ဦးအရိယကျောင်း၌ပင် ဒီဇင်ဘာလ ၁၇ ရက်နေ့၌ အမျိုးသားကျောင်းများစတင်ဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသား ကြီးများက ကိုယ်ကျိုးစွန့်အနစ်နာခံကာ မိမိတို့ တတ်သိ ပညာများကို ဖြန့်ဝေကြပါသည်။ ကျောင်းလခမယူဘဲ၊ ကျောင်းမတက်ဘဲ အမျိုးသားပညာရေး သပိတ်တိုက်ပွဲ နဲ့အတူ အမျိုးသားကျောင်း ၉၃ ကျောင်းတွင် ဆရာများ ဝင်လုပ်ကြရင်း အမျိုးသားပညာရေးသမိုင်းသစ်ကို ဖွင့်လှစ် နိုင်ခဲ့ကြပါသည်။

အမြင့်ဆုံးရည်မှန်းချက်

အမျိုးသားပညာရေး၏ အမြင့်ဆုံးရည်မှန်းချက်သည် အမျိုးသားလွတ်မြောက်ရေး ဖြစ်သည်။ မျိုးချစ်ပုဂ္ဂိုလ်တို့က အင်္ဂလိပ်တို့ဖွင့်သော ကောလိပ်ကိုတက်မှ တက္ကသိုလ် ပညာသင်ကြားရသည်မဟုတ်၊ တို့အမျိုးသားကောလိပ်ကို တို့အင်အားနှင့်တို့ တည်ဆောက်မည်ဟုဆိုကာ ၁၉၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ဗဟန်းရွှေကျင် ကျောင်းတိုက်ကြီး၌ စတင်ဖွင့်လှစ်ခဲ့ကြသည်။ အမျိုးသား ကောလိပ်ဟု အမည်တပ်ပြီး ဥက္ကဋ္ဌ MA မောင်ကြီး၊ သခင်မြ၊ သခင်ကိုယ်တော်မှိုင်း၊ ဆာဦးသွင် အစရှိသော ပုဂ္ဂိုလ်တို့ ဦးဆောင်ကာ ကောလိပ်ကျောင်းသားတို့က စာပေသင်ကြား ခဲ့ကြသည်။

၎င်းနောက် ၁၉၄၇ ခုနှစ်တွင် မြို့မဆရာကြီး ဦးဘလွင်က မြို့မအမျိုးသားကျောင်းကြီးကို အမျိုးသား ကောလိပ်ဖွင့်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် ဦးဖေမောင်တင်ကို ကျောင်းအုပ်ကြီး အဖြစ် ခန့်အပ်ခဲ့ကြသည်။ ဆာဦးသွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ အမျိုးသားကောလိပ်ကို မြို့မ ကျောင်းသားဟောင်း ဦးနု (ဝန်ကြီးချုပ်) က ဖွင့်လှစ်ပေးခဲ့ သည်။ မြို့မအမျိုးသားကျောင်းအပါအဝင် ကျောင်းပေါင်း ၉၃ ကျောင်း ပေါ်ထွန်းခဲ့သော အမျိုးသားပညာရေးတိုက်ပွဲ အစ ၁၉၂၀ ပြည့်နှစ်သည် မြန်မာတို့၏ ပိတ်ထားခြင်းခံရသော ပညာရေးတံခါး ဖွင့်နိုင်ခဲ့သည်။ အညှောင့်မထွက်နိုင်အောင် ပိတ်ထားခံရသော ပညာရေးမျိုးစေ့ကို နိုင်ငံတစ်ဝန်း ကြဲချနိုင်ခဲ့ကြသည်။ ထို့ကြောင့် ဂျီစီဘီအေအသင်းကြီးက ၁၉၂၀၊ ၁၉၃၆၊ ၁၉၃၈၊ ကျောင်းသားသပိတ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံတို့အနက် ၁၉၂၀ ဒီဇင်ဘာလ ၅ ရက်နေ့ ကျောင်းသားသပိတ်သည် အမျိုးသားရေးအသွင် ကိုဆောင်သော လှုပ်ရှားမှုဖြစ်သဖြင့် ဗြိတိသျှကို တော်လှန်သောနေ့အဖြစ် အမျိုးသားနေ့ဟု သတ်မှတ် ခဲ့ကြပါသည်။

အမျိုးသားပညာရေးတိုက်ပွဲသည် လွတ်လပ်ရေး တိုက်ပွဲဖြစ်သည်။ ကျွန်စနစ်ကို တော်လှန်သော တိုက်ပွဲဖြစ်သည်။ ၁၉၂၀ သပိတ်မှသည် ၁၉၃၆၊ ၁၉၃၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ကျွန်ပညာရေးကို တော်လှန်ကာ ဆန့်ကျင်ရေး လှုပ်ရှားဆင်နွှဲခဲ့ကြသည်။ ကျွန်ပညာရေး သပိတ်တိုက်ပွဲများသည် လွတ်လပ်ရေး အတွက် အရေးပါလှပေသည်။

“ဗမာပြည်ကိုချစ်ပါ ဗမာစာကိုချီးမြှင့်ပါ၊ ဗမာစကား ကို လေးစားပါ” ဆိုသော လှုံ့ဆော် ကြွေးကြော်မှုများက “သခင်မျိုးဟေ့ ဒို့ဗမာ” ဆိုသော အမျိုးသားရေးစိတ်ဓာတ် ကို လှုံ့ဆော်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှစခဲ့သော ကျွန်ပညာရေးတိုက်ပွဲသည် အမျိုးသား အောင်ပွဲနေ့အဖြစ် ကမ္ဘာတည်သရွေ့ မြန်မာတို့မမေ့သင့် သော လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်ကြောင်း သတိချပ်သင့် ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် အသက်သွေးချွေး များစွာ ပေးဆပ်ခဲ့သလို မိမိတို့၏ အကျိုးစီးပွားကို စွန့်လွှတ် ပြီး အမျိုးသားပညာရေးတိုက်ပွဲ ဆင်နွှဲရင်း ကျွန်ဘဝ လွတ်မြောက်ရေး ကြိုးပမ်းခဲ့ကြသည်။ ယနေ့ကာလ သည် တိုင်းတစ်ပါးသား မလိုမုန်းထားသူများ၏ ရန်စွယ်၊ ရန်စ ဖိအားများ ဝန်းရံနေချိန်တွင် လွတ်လပ်ရေး အဓွန့်ရှည် ရေး၊ အမျိုးကိုထိလျှင် မချိအောင်နာကြဖို့အရေး အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် မြန်မာ့အမျိုးသား စိတ်ဓာတ်ကိုပြကြဖို့ တိုက်တွန်းရင်း ရာပြည့်အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ ။