နာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့် ဂျိုလီ မုတ်သုံကပ်ဘေးရင်ဆိုင်နေရသူများအား ကူညီရန် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိ

 

အစ္စလာမ္မာဘတ်   စက်တင်ဘာ   ၂၂ 


နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့် အန်ဂျလီနာဂျိုလီ သည်  မုတ်သုံရာသီမိုးရွာသွန်းမှုကြောင့်    ရေကြီး ရေလျှံ ကပ်ဘေးနှင့်ရင်ဆိုင်နေရသူများအား ကူညီ ရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ 
ဂျိုလီသည် အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးကော်မတီနှင့်အတူ   လာရောက်ခဲ့ခြင်းဖြစ်သည်။ ဂျိုလီသည် စက်တင်ဘာ ၂၁ ရက်က  သဘာဝ ကပ်ဘေးတုံ့ပြန်ရေးဆိုင်ရာ အစိုးရတာဝန်ရှိသူများ နှင့်သာမက  စစ်ဘက်ဆိုင်ရာ  တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

 


ပါကစ္စတန်နိုင်ငံသည် ဇွန်လလယ်ကတည်းက စံချိန်လွန်မုတ်သုံမိုး၏ ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ ရသည်။ ယခုအချိန်အထိ လူပေါင်း ၁၅၀၀ ကျော် သေဆုံးပြီး အိမ်ခြေ နှစ်သန်းကျော် ပျက်စီးခဲ့သည်။
ရေကြီးရေလျှံဖြစ်ပွားမှုသည် ပြီးဆုံးသွားသည် မရှိဘဲ ပါကစ္စတန်နိုင်ငံ၏   ဒေသအတော်များများတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

 


ဂျိုလီသည် ရေဘေးဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ ရသော နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်ရှိ ဒေသခံ များနှင့် တွေ့ဆုံခဲ့သည်။
ရေဘေးသင့်ပြည်သူများနှင့်      တွေ့ဆုံခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများ    လုံလုံလောက်လောက် ရောက်ရှိလာပါ့မလားဆိုသည့်အပေါ် စဉ်းစားလျက် ရှိကြောင်းနှင့် ကလေးအတော်များများ အာဟာရ ချို့တဲ့ လျက်ရှိကြောင်း ဂျိုလီက ပြောကြားခဲ့သည်။
ထို့အပြင်   ဂျိုလီက   ပါကစ္စတန်ပြည်သူများ အနေဖြင့် ဆောင်းတွင်း၌ ပိုမိုခက်ခဲမှုများနှင့်ရင်ဆိုင် ရနိုင်ခြေရှိသည့်အပေါ် စိုးရိမ်လျက်ရှိသည်။

 


မိလ္လာစနစ်ညံ့ဖျင်းမှုများက ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့်  ငှက်ဖျားရောဂါကဲ့သို့သော   ကူးစက် ရောဂါများကို     ဖြစ်ပေါ်စေသည့်    အခြေခံအချက် ဖြစ်သည်။


အင်န်အိတ်ချ်ကေ