နာမည်ကြီးဂျာမနီ ပြိုင်ပွဲမှထွက်ရပြီး အမျိုးသမီးကမ္ဘာ့ဖလား ၁၆ သင်းအဆင့်သို့ မော်ရိုကို တက်လှမ်း

 

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဇ) မှ နောက်ဆုံးပွဲစဉ်များကို ဩဂုတ် ၃ ရက် ညနေ ၄ နာရီခွဲက တစ်ချိန်တည်း ယှဉ်ပြိုင်ကစားရာ မော်ရိုကိုအသင်းအနိုင်ရပြီး နာမည်ကြီးဂျာမနီအသင်း သရေကျခဲ့သည်။ 


တောင်ကိုရီးယားနှင့်  ဂျာမနီအသင်းတို့  ပွဲစဉ်တွင် အပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်မှုများဖြင့်  အကြိတ်အနယ်ရှိခဲ့သည်။ ဂျာမနီအသင်းသည် ယခုပွဲစဉ်တွင် အနိုင်ရရှိလျှင်  နောက်တစ်ဆင့်  တက်လှမ်းနိုင်မည့်အခွင့်အရေး   ပိုင်ဆိုင်နိုင်မည် ဖြစ်သော်လည်း တစ်ဖက်တစ်ဂိုးစီ   သရေကျခဲ့သည့်အတွက်  ပြိုင်ပွဲမှ  ထွက်ခဲ့ရပြီ ဖြစ်သည်။ ရရှိလာသည့် အပိုင်အခွင့်အရေးများကို အသုံးမချနိုင်ခြင်း၊ ပြိုင်ဘက် ခံစစ်နှင့် ဂိုးသမားကို ကျော်ဖြတ်နိုင်မှုမရှိခြင်းက   ကမ္ဘာ့ဖလား    နှစ်ကြိမ်ရဖူးသည့် ဂျာမနီအသင်း ၁၆ သင်းအဆင့် တက်လှမ်းခွင့်နှင့် လွဲချော်ရခြင်းဖြစ်သည်။  


မော်ရိုကိုနှင့် ကိုလံဘီယာအသင်းတို့ ပွဲစဉ်တွင်  မော်ရိုကိုအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ မော်ရိုကိုအသင်းသည်  ကိုလံဘီယာအသင်းနှင့် ရမှတ် ခြောက်မှတ်တူ ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။ မော်ရိုကို အသင်းသည် လာမည့် ၁၆ သင်းအဆင့် ပွဲစဉ်တွင် နာမည်ကြီး ပြင်သစ်အသင်းနှင့် ရင်ဆိုင်သွားရမည်ဖြစ်ပြီး     ကိုလံဘီယာအသင်းက ဂျမေကာအသင်းနှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။                                                                    

အောင်ဇော်