နာမည်ကြီး အေစီမီလန်ကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည့် ပီအက်စ်ဂျီ

 

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃) မှ စိတ်ဝင်စားဖွယ်ရာအကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်သည့် ပီအက်စ်ဂျီနှင့် အေစီမီလန်အသင်းပွဲစဉ်ကို အောက်တို ဘာ ၂၆ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ပီအက်စ်ဂျီအသင်းက တိုက်စစ်ခြေစွမ်းပြကာ သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ 


အဆိုပါ ပွဲစဉ်ကို ပီအက်စ်ဂျီအသင်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ပြီး ပရိသတ် ၄၅ ၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ ပီအက်စ်ဂျီ အသင်းအတွက် အဖွင့်ဂိုးကို အမ်ဘာပေက ပွဲချိန် ၃၂ မိနစ်တွင် သွင်းယူ ပေးခဲ့သည်။ ထိုသွင်းဂိုးကြောင့် အမ်ဘာပေသည် ယခုနှစ်ရာသီ ပီအက်စ်ဂျီ နှင့် ပြင်သစ်အသင်းအတွက် ၁၃ ပွဲတွင် သွင်းဂိုး ၁၃ ဂိုးအထိ  ရှိလာပြီ ဖြစ်သည်။ 


ချန်ပီယံလိဂ်ပြိုင်ပွဲတွင်  ပထမဆုံးအကြိမ်   နိုင်ပွဲရရှိရေးအတွက် အကောင်းဆုံးပြင်ဆင်လာသော အေစီမီလန်အသင်းသည် တိုက်စစ်ပိုင်း နှင့် အသင်းစွမ်းဆောင်ရည်ပိုင်း လိုအပ်ချက်များစွာ ရှိနေသဖြင့် ဂိုးပြတ် ရှုံးနိမ့်ကာ နိုင်ပွဲဆက်လက်ပျောက်ဆုံးခဲ့သည်။ ပီအက်စ်ဂျီအသင်းအတွက် ဒုတိယဂိုးနှင့် တတိယဂိုးကို ပွဲချိန် ၅၃ မိနစ်နှင့် ၈၉ မိနစ်တွင် မူအာနီနှင့်  လီတို့က  သွင်းယူပေး ခဲ့သည်။


ယခုအနိုင်ပွဲကြောင့် ပီအက်စ် ဂျီအသင်းသည်    သုံးပွဲကစားပြီး နှစ်ပွဲနိုင်၊   တစ်ပွဲရှုံး   ရလဒ်ဖြင့် အမှတ်ပေးဇယားကို  ဦးဆောင် နိုင်ခဲ့သည်။   အေစီမီလန်အသင်း က   သုံးပွဲကစားပြီး   နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ဖြင့်      အမှတ်ပေး ဇယားအောက်ဆုံးတွင် ရပ်တည် နေသည်။ 


အခြားသော ပွဲစဉ်ရလဒ်များ တွင် ဒေါ့မွန်က နယူးကာဆယ်ကို တစ်ဂိုး - ဂိုးမရှိ၊     လိုက်ပ်ဇစ်က ဇဗက်ဒါကို      သုံးဂိုး - တစ်ဂိုး၊ မန်စီးတီးက ယန်းဘွိုင်းကို သုံးဂိုး-တစ်ဂိုး၊   ပေါ်တိုက   အန့်ဝပ်ကို လေးဂိုး - တစ်ဂိုး၊ ဘာစီလိုနာက ရှက် တာဒိုးနက်ကို နှစ်ဂိုး - တစ်ဂိုး၊ ဖီယင်နုက  လာဇီယိုကို  သုံးဂိုး-တစ်ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့ သည်။ ဆဲလ်တစ်နှင့် အက်သလက် တီကို မက်ဒရစ်အသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။  

                           
အောင်ဇော်