နာမည်ကျော်အန်ကောရှေးဟောင်းသုတေသနဥယျာဉ်ရှိ တောရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်း

 

ဖနောင်ပင် မေ ၂၉

 

APSARA အမျိုးသားအာဏာပိုင်အဖွဲ့(ANA)နှင့် ကမ္ဘောဒီးယား တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး(CWC)တို့က ကမ္ဘောဒီးယားအနောက်မြောက်ပိုင်း ဆီရမ်ရိပြည်နယ်ရှိ ယူနက်စကိုစာရင်းဝင် အန်ကော ရှေးဟောင်းသုတေသန ဥယျာဉ်၏ သဘာဝသစ်တောများအတွင်းရှိ တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ပေးရန်ဒေသခံများကို တိုက်တွန်း ထားသည်ဟု ANA က မေ ၂၉ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

 

ANA သည် အန်ကောရှေးဟောင်းသုတေသန ဥယျာဉ်ကို စီမံခန့်ခွဲရန်၊ ကာကွယ်ပေးရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည့် အစိုးရ အေဂျင်စီတစ်ခုဖြစ်ကြောင်း သိရသည်။

 

ANA၊ CWC၊ သစ်တောဦးစီးဌာနနှင့် အမွေအနှစ်ကာကွယ်ရေးရဲတပ်ဖွဲ့က အန်ကောနယ်မြေကို စောင့်ကြည့် စစ်ဆေးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်နေသော်လည်း တောရိုင်း တိရစ္ဆာန်များကို ခိုးယူခြင်း နှင့် ထောင်ချောက်ဆင်ဖမ်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း ANA ၏ ရေ၊ သစ်တောနှင့် အခြေခံအဆောက် အအုံစီမံခန့်ခွဲရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Chou Radina က ပြောကြားသည်။

 

အန်ကောသို့ လာရောက်လည်ပတ်သည့် ခရီးသွားများသည် ရှေးဟောင်းဘုရားကျောင်းများကို မြတ်နိုးရုံသာမက တောရိုင်းတိရစ္ဆာန်များ တည်ရှိမှု ကိုလည်း အသိအမှတ်ပြုလိုလားကြောင်း၊ တောရိုင်း တိရစ္ဆာန်များသည် သဘာဝနှင့် ဇီဝမျိုးစုံမျိုးကွဲများကို စိတ်ဝင်စားသည့် ခရီးသွားများကိုလည်း ဆွဲဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

 

၄၀၁ စတုရန်းကီလိုမီတာရှိသည့် အန်ကောရှေးဟောင်းသုတေသနဥယျာဉ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ လူကြိုက် အများဆုံး ခရီးသွားနေရာတစ်ခုဖြစ်ပြီး ၉ ရာစုမှ ၁၃ ရာစုအထိ တည်ဆောက်ခဲ့သည့် ရှေးဟောင်းဘုရားကျောင်း ၉၁ ခုရှိကြောင်း သိရသည်။

ဆင်ဟွာ