
သဘာဝအလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာကျော်ရေတံခွန်ကြီးတွေနဲ့ အပြိုင်လှတဲ့ ရေတံခွန်များစွာ ရှိပါတယ်။ အချို့ရေတံခွန်တွေက မတ်စောက်ပြီး သွားလာရမလွယ်ကူပေမယ့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာတာနဲ့အမျှ ရေတံခွန်တွေဆီ အရောက်သွားကြတဲ့ ခရီးသွားတွေက ပိုမိုများပြားလာခဲ့ပါပြီ။
ရှမ်းပြည်နယ်မှာလည်း ထင်ရှားတဲ့ ရေတံခွန်များစွာ ရှိပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ်မှာရှိတဲ့ ဟိုက်ပါရေတံခွန်ကိုတော့ ရောက်သွားသူ အတော်များများက သဘောကျနှစ်ခြိုက် ကြတယ်။ အရှေ့တောင်အာရှရဲ့ အလှဆုံး ရေတံခွန်လို့ ဟိုက်ပါရေတံခွန်ကို သတ်မှတ်ပြောဆိုကြတာပါ။ ဟိုက်ပါ အပြင် မိုင်းရယ်မြို့နယ်အနီးမှာ အခြား လှပတဲ့ ရေတံခွန်တစ်ခုရှိပြီး ဟိုင်းပု ရေတံခွန်လို့ လူသိများပါတယ်။
မိုင်းရယ်မြို့ကနေ ကားနဲ့သွားမယ် ဆိုရင် ဟိုက်ပါရေတံခွန်ကိုရောက်ဖို့ နှစ်နာရီလောက် သွားရပြီး ဟိုင်းပု ရေတံခွန်ကတော့ တစ်နာရီလောက် မောင်းရုံနဲ့ ရောက်ရှိနိုင်တဲ့အတွက် ရေတံခွန်မှာ နေ့ချင်းပြန် အပန်းဖြေသူတွေ အတွက် အချိန်ပိုထွက်လာနိုင်ပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးကနေ မိုင်းရယ်မြို့နယ် တောင်မြို့ဘက် မိုင်းရှူး သွားတဲ့ဘက်ခြမ်းက ဝမ်ကျွံကျေးရွာကို သွားရောက်ရမှာဖြစ်ပြီး အဲဒီကနေ မြေနီ လမ်းအတိုင်း ၁၀ မိုင်လောက်သွားရင် ရောက်ပါပြီ ။ ဟိုင်းပုရေတံခွန်က ရေတွေ က နမ့်ပန်မြစ်ထဲကို စီးဝင်တဲ့အတွက် နမ့်ပန်မြစ်ရဲ့ အလှအပတွေကိုလည်း လှမ်းမျှော်ကြည့်ရှုနိုင်ပါတယ်။
ဟိုက်ပါရဲ့အလှနဲ့ ယှဉ်ရင်တော့ ဟိုင်းပုရေတံခွန်က မကြီးကျယ် မခမ်းနား ပေမယ့် အပန်းဖြေလို့ကောင်းတဲ့ ရေတံခွန်အဆင့်ဆင့်တွေက သီးသန့် ကန်အသေးလေးတွေအလား အပန်းဖြေ သူတွေ စိတ်ကျေနပ်စေမှာပါ။ ကျေနပ် စရာတစ်ခုက ဟိုင်းပုရေတံခွန်ဝန်းကျင်မှာ သဘာဝအတိုင်း စိမ်းလန်းစိုပြည်နေတာ လေးပါ။ ပြီးခဲ့တဲ့ သင်္ကြန်ရက်ကဆိုရင် တစ်ရက်ကို အပန်းဖြေသူ ရာနဲ့ချီ လာရောက်လည်ပတ်ထားတယ်လို့ သိရပါ တယ်။
ဟိုင်းပုရေတံခွန်ကို ရောက်လာခဲ့မယ် ဆိုရင် ဈေးနှုန်းသက်သာတဲ့ အပန်းဖြေ ဘန်ဂလိုတွေ ငှားရမ်းနားနေနိုင်ပြီး အသက်ကယ်အင်္ကျီ၊ ဘောကွင်းတွေ ငှားရမ်း ဆော့ကစားနိုင်ပါတယ်။ ရေတံခွန်ပတ်လည်မှာ အစားအသောက် ရောင်းချတဲ့ဆိုင်လေးတွေနဲ့ စည်ကား လာနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
လမ်းခရီးသာပြီး မြန်မာနိုင်ငံ အောက်ပိုင်းကလာရင် တောင်ကြီး၊ လဲချား၊ မိုင်းနောင်၊ ဟိုက်ပါလမ်းကနေ ဟိုက်ပါရေတံခွန်ကို အရင်ဆုံးဝင်ပြီးမှ ဟိုင်းပုရေတံခွန်ဆီ ခရီးဆက်တဲ့လမ်းက အနီးဆုံးဖြစ်ပြီး ကျောက်မဲ၊ သီပေါ၊ မိုင်းရယ်လမ်းကလည်း သွားလာရ အဆင် ပြေတဲ့လမ်းမို့ သွားရောက်လည်ပတ် နိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ အားလုံး ကျန်းကျန်းမာမာနဲ့ ခရီးသွားနိုင် ကြပါစေ။ ။