
ဒေါက်တာ တင်မာမာဦး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ တစ်ခုတည်းသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ဖြစ်သည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လဟယ်မြို့နယ်၊ လေရှီးမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ထန်ပါခွေ၊ဆွမ္မရာ၊ ပန်ဆောင်၊ ဒုံဟီးမြို့များ ပါဝင်ပြီး ကျေးရွာအုပ်စု ၁၁၆ အုပ်စု၊ ကျေးရွာပေါင်း ၂၆၆ ရွာတို့ဖြင့် လူဦးရေ ၁၃၇၈၆၁ ဦး နေထိုင်လျက်ရှိသည်။
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး
ပူးပေါင်းဆောင်ရွက်လျက်ရှိ
နာဂဒေသသည် တောင်ကုန်း တောင်တန်းများ ထူထပ်ပေါများကာ မြေပြန့်ဒေသနည်းပါးပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲကာ ဒေသခံများ အနေဖြင့်လည်း တောင်ယာစိုက်ပျိုးရေး လုပ်ငန်းကိုသာ အဓိက စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ကြသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသ များအနက် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခဲ့ သောဒေသ ဖြစ်ခဲ့ရသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် အရ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နာဂဒေသ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး အတွင်းရှိ နာဂဒေသနှင့် နယ်စပ်ဒေသ များ၏ ဒေသစိုက်ပျိုးစီးပွားလုပ်ငန်း မြှင့်တင်နိုင်ရန်၊ လက်ရှိ စိုက်ပျိုးနေသည့် ဒေသမျိုးများအစား အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်သည့် သီးနှံ မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးနိုင်ရန်၊ ဒေသနှင့် ကိုက်ညီသည့် နှစ်ရှည်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရန် နှင့် သီးနှံအမယ်သစ်များကို ပျိုးထောင်၊ မျိုးပွား စိုက်ခင်းများ ထူထောင်လာစေရန်၊ ဒေသခံတောင်သူများ၏ ပူးပေါင်းပါဝင်မှု နှင့် စုပေါင်းဆောင်ရွက်မှုများကြောင့် နာဂဒေသဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လက်ရှိ ကျင့်သုံးစိုက်ပျိုးနေကြသည့် ရွှေ့ပြောင်းတောင်ယာမှ ရေရှည်တည်တံ့ ခိုင်မြဲသောစိုက်ခင်းများ ပေါ်ထွက်လာ စေရန်ရည်ရွယ်၍ နာဂဒေသနှင့် နယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံး ငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်၊ နန်းယွန်း၊ မိုဝိုင်းလွတ်၊ ထန်ပါခွေ၊ ဒုံဟီး မြို့နယ်များတွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာ နှစ်မှ စတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အထိ သုံးနှစ်စီမံကိန်းဖြင့် တစ်မြို့နယ် လျှင်ငွေကျပ်သိန်း ၁၀၀ ကို နှစ်စဉ် ကျခံသုံးစွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်မှုလုပ်ငန်းများအဖြစ် ဒေသနှင့် ကိုက်ညီသည့် တောင်ယာစပါး၊ အစေ့ထုတ်ပြောင်း၊ ပဲပုပ်၊ နှမ်းနက်နှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ ထောက်ပံ့ခြင်း၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံ လက်ဖက်၊ ကော်ဖီ၊ မျောက်ငို စသည့် သီးနှံပျိုးပင်များ ထောက်ပံ့ခြင်း၊ ဒေသအတွင်း ပျိုးပင်များ လွယ်ကူစွာ ရရှိစိုက်ပျိုးနိုင်ရေးအတွက် ပျိုးခြံများ ထူထောင်ကာစိုက်ပျိုးစေခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ၊ လယ်ယာ သုံးကိရိယာများ ဝယ်ယူထောက်ပံ့ပေး ခြင်းနှင့် ပျိုးခြံများနှင့် စိုက်ခင်းများတွင် သုံးစွဲရန် ရေစင်များ တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက် ပေးလျက်ရှိသည်။
NBADP စီမံကိန်း ပထမနှစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မျိုးစေ့ထောက်ပံ့မှု အနေဖြင့် သက်တမ်းတို အထွက်ကောင်း တောင်ယာစပါးတင်း ၁၀၀ ၊ အစေ့ထုတ် ပြောင်းကီလို ၅၀ ၊ ဝဥပိဿာ ၃၅၀၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ် ၂၇၀၀ အပါအဝင် ပဲမျိုးစုံနှင့် နှမ်းနက် မျိုးစေ့များ ကို ဖြန့်ဝေပေးခဲ့ပြီး ပျိုးပင်ဖြန့်ဝေမှု အနေဖြင့် လက်ဖက်ပင် ၁၈၇၀၀ ၊ ကော်ဖီ ပင် ၁၂၂၀၀ ၊ မျောက်ငိုပင် ၇၀၀၀ ၊ မက်မန်းပင် ၁၅၀၀ ၊ လိမ္မော်ပင် ၃၀၀ ၊ သရက်ပင် ၁၀၀၀၊ ပီလောပီနံပင် ၂၀၀၀၊ မျောက်ဥပင် ၁၄၀၀ နှင့် အာလာဂျီပင် ၁၀၀၀၀ တို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၁ -၂၀၂၂ ခုနှစ်တွင် စပါးတင်း ၃၅၀၊ အစေ့ထုတ်ပြောင်းကီလို ၉၀ ၊ ဝဥပိဿာ ၁၄၀၀ ၊ ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ် ၄၉၀၀ အပါအဝင် ပဲမျိုးစုံနှင့် နှမ်းနက် မျိုးစေ့များကို ဖြန့်ဝေပေးခဲ့သည့်အပြင် ပျိုးပင်ဖြန့်ဝေမှုအနေဖြင့် လက်ဖက်ပင် ၂၁၅၀၀၊ ကော်ဖီပင် ၅၅၀၀ ၊ မျောက်ငိုပင် ၇၃၀၀၊ မက်မန်းပင် ၆၀၀ ၊ သရက်ပင် ၁၁၀၀ ၊ပီလောပီနံပင် ၂၀၀၀နှင့် အာလာ ဂျီပင် ၂၀၀၀ တို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့ သည်။
နှစ်ရှည်သီးနှံပျိုးပင်များထောက်ပံ့
ဒေသနှင့် ကိုက်ညီသော နှစ်ရှည် သီးနှံပျိုးပင်များကို အချိန်မရွေး လွယ်ကူစွာ ကိုယ်တိုင်စိုက်ပျိုးနိုင်ရန် အတွက် ပျိုးခြံတည်ဆောက်ခြင်း လုပ်ငန်းများနှင့် ပျိုးပင်စိုက်ခင်းများ အတွက် ရေတွင်းတူးခြင်း၊ ရေစင် တည်ဆောက်ခြင်း လုပ်ငန်းများကို လည်းဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် ခဲ့ရာ စီမံကိန်းဝင်မြို့နယ်များတွင် ပျိုးခြံ ၁၁ ခြံ တည်ထောင်ခြင်းနှင့် စိုက်ခင်းများ ရေရရှိရေး ရေတွင်း သုံးတွင်း တူးဖော်ပေး ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် စိုက်ပျိုးရေး သွင်းအားစုများ ဖြစ်သည့် သဘာဝမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာ များ၊ ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများ ထောက်ပံ့ခြင်း၊ လယ်ယာသုံး စက် ကိရိယာများဖြစ်သည့် မျိုးစေ့ချကိရိယာ အခု ၈၀ ၊ ဆေးဖျန်းပုံး ၅၀ ကို ထောက်ပံ့ ခဲ့ပြီးဖြစ်သည်။
ဒေသခံတောင်သူများ လူမှုစီးပွားဘဝ
မြင့်မားတိုးတက်လာမည်ဖြစ်
NBADP စီမံကိန်း၏ တတိယနှစ် ဖြစ်သည့် ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင်လည်း ယခင်နှစ်များက တွေ့ကြုံခဲ့သည့် လုပ်ငန်း အတွေ့အကြုံများအပေါ် အခြေခံ၍ နာဂဒေသ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ် လျက်ရှိသည့် ထောက်ပံ့မှုများ ဆောင် ရွက်ရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ဘဏ္ဍာရန်ပုံငွေဖြင့် နန်းယွန်း၊ ဒုံဟီး၊ လဟယ်၊ ထန်ပါခွေ၊ လေရှီးနှင့် မိုပိုင်း လွတ် မြို့နယ်များအတွက် တစ်မြို့နယ် လျှင် ငွေကျပ်သိန်း ၅၀ စီ၊ ငွေကျပ်သိန်း ၃၀၀ ဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိပြီး မျိုးစေ့များ ထောက်ပံ့ခြင်းအတွက် ငွေကျပ်သိန်း ၆၀ ၊ ပျိုးပင်များ ထောက်ပံ့ ခြင်းအတွက် ငွေကျပ် ၁၀၈ သိန်း၊ ပျိုးခြံ တည်ဆောက်ခြင်းအတွက် ငွေကျပ်သိန်း ၃၀ ၊ သွင်းအားစုများ ထောက်ပံ့ခြင်း အတွက် ငွေကျပ် ၇၂ သိန်းနှင့် လယ်ယာ သုံးစက်ကိရိယာများ ထောက်ပံ့ခြင်း အတွက် ငွေကျပ်သိန်း ၃၀ ဖြင့် ဆောင်ရွက် လျက်ရှိရာ NBADP စီမံကိန်းကာလ ပြီးစီးပါက နာဂဒေသအတွင်း အထွက် နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် လယ်ယာထွက်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ပြီး ဒေသတွင်း ဝမ်းစာဖူလုံ ကာ အမယ်သစ်သီးနှံများ စိုက်ပျိုး၍ အခြားဒေသများသို့ တင်ပို့ရောင်းချခြင်း ဖြင့် ဒေသခံတောင်သူများ ဝင်ငွေ တိုးတက်ကာ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာမည် ဖြစ်သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံတောင်သူများသည် ရွှေ့ပြောင်း တောင်ယာ စိုက်ပျိုးနည်းစနစ်ကိုသာ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင် စိုက်ပျိုးကြသဖြင့် သစ်တောများကို နှစ်စဉ်ခုတ်ထွင် စိုက်ပျိုးကြသဖြင့် သစ်တောများ ပြုန်းတီးခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် ပြဿနာများ ကို နှစ်စဉ်ကြုံတွေ့ခံစားကြရသည်။ အဆိုပါပြဿနာများကို ဖြေရှင်းပေး နိုင်ရေးနှင့် ဒေသခံများအတွက် ရေရှည် တည်တံ့ခိုင်မြဲစေမည့် တောင်စောင်း စိုက်ပျိုးနည်းစနစ် ဖော်ဆောင်မှုကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လှေကားထစ် လယ်ယာမြေ ၁၅ ဧကကို ဖော်ထုတ်ပေး ခဲ့သည့်အပြင် ယခုနှစ်တွင် လဟယ်မြို့ မျက်နှာစာ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းများတွင် တောင်စောင်း စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးရန် ၁၀ ဧကကို တိုးချဲ့ဖော်ဆောင်ခဲ့ပြီး အဆင့်မြင့် လယ်ယာမြေဖော်ဆောင်ခြင်း လုပ်ငန်းများကို ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် အတွင်း လဟယ်မြို့နယ်တွင် အဆင့်မြင့် လယ်ယာမြေဧက ၃၀ နှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင်ကုန်းမြင့်လယ်ယာဧက ၃၀၀ ထပ်မံဖော်ထုတ်ပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။
နည်းပညာပေးဆောင်ရွက်လျက်ရှိ
စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တောင်စောင်း စိုက်ပျိုးနည်းစနစ် ဖော်ဆောင်ထားသည့် တောင်ယာ များတွင် နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီ၊ လက်ဖက်၊ မက္ကဒေးမီးယား၊ လိမ္မော်၊ ထောပတ်၊ မျောက်ငို၊ သရက် စသည့် နှစ်ရှည်သီးနှံများအပြင် ရာသီ အလိုက် ဝင်ငွေရရှိစေမည့် တောင်ယာ စပါး၊ ပဲပုပ်၊ အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးနိုင်ရေး နည်းပညာပေး ဆောင်ရွက်လျက်ရှိသည်။
တောင်စောင်း ဖော်ဆောင်ထားသည့် ကွန်တိုလိုင်းများတွင်လည်း မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေမည့် ပဲမျိုးစုံနှင့် တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်များ ကို စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ပျိုးပင်များ ထောက်ပံ့ ပေးအပ်ခြင်းနှင့် နည်းပညာပေးလုပ်ငန်း များ ဆောင်ရွက်နိုင်ခဲ့သည်။
ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဒေသခံများအား မွေးမြူရေးလုပ်ငန်းများ တွဲဖက် လုပ်ကိုင်နိုင်ရေးအတွက် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နွားနောက် ၅၀၁၇ ကောင်၊ ကျွဲ ၇၁၁၂ ကောင်၊ နွား ၉၆၉၂ ကောင်၊ ဆိတ် ၄၉၄၄ ကောင်၊ ဝက် ၅၁၅၉၇ ကောင်၊ ကြက် ကောင်ရေ ၂၅၅၀၇၀ နှင့် ဘဲကောင်ရေ ၃၂၆၄၀ ကို မွေးမြူနိုင်ရေး ဆောင်ရွက် ထားသကဲ့သို့ မွေးမြူထားသည့် တိရစ္ဆာန်များကို ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တိရစ္ဆာန်ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပညာပေးဆွေးနွေးခြင်း၊ တိရစ္ဆာန် အစာပင် စိုက်ပျိုးမှုနှင့် ပတ်သက်၍ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့သည်။
နေဗီယာမြက်များ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင် ရေးဆောင်ရွက်လျက်ရှိ
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တိရစ္ဆာန်အစာပင် စိုက်ပျိုးထားရှိမှု အနေဖြင့် နေဗီယာမြက် ၂၀၇ ဧက၊ မွန်ဘားဆား ၁၃ ဧက၊ ရူဇီ ၁၃၆ ဧကနှင့် အခြား ၁၉ ဧက ဖြင့် စုစုပေါင်း ၃၇၅ ဧက စမ်းသပ်စိုက်ပျိုးလျက်ရှိရာ နာဂဒေသ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ်များ တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် တိရစ္ဆာန်အစာ နေဗီယာမြက်များ စမ်းသပ်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် အောင်မြင်ဖြစ်ထွန်းလျက် ရှိသဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည်။
ယခုအခါ နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း လမ်းပန်းဆက်သွယ်ရေးကို အရှိန်မြှင့် ဆောင်ရွက်ပေးမှုကြောင့် သွားလာ ဆက်သွယ်ရေး လွယ်ကူသွားသည့် အတွက် နာဂသွေးချင်းများ၏ အဓိက အလုပ်အကိုင် အသက်မွေးဝမ်းကျောင်း ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် တော့မည်ဖြစ်သကဲ့သို့ ထွက်ရှိလာသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ထွက်ကုန်များ ကိုလည်း လေရှီး- လဟယ် - ခန္တီးလမ်းမှ တစ်ဆင့် မြေပြန့်ဒေသများသို့ အလွယ် တကူ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် စီးပွား ရေး ကွင်းဆက်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါတော့သည်။
နာဂဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုနိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေ ဖြင့် ရာသီမရွေး၊ အချိန်အခါမရွေး သွားလာရေး လွယ်ကူကာ ဒေသကုန်စည် စီးဆင်းမှုများ မြန်ဆန်ပြီး မြေပြန့်ဒေသ များနည်းတူ ဖွံ့ဖြိုးတိုးတက်လာတော့ မည်ဖြစ်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။ ။
- Log in to post comments