နာဂဒေသ ဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် ချင်းတွင်းတံတား (ထမံသီ)

 

နေပြည်တော်    ဇွန်    ၁၁


စိမ်းစိုနေသည့်   တောတောင်၊   သန့်စင် လတ်ဆတ်သည့်    လေထုနှင့်    ရိုးသားစွာ နေထိုင်တတ်ကြသည့်  နာဂရိုးရာ ယဉ်ကျေးမှု များသည် ခရီးသွားပြည်သူနှင့် အကျွမ်းတဝင် မထိတွေ့ရသေးပေ။ ရင်သပ်ရှုမောဖွယ် လှပ သည့်တောင်တန်းများကပင် သွားရေးလာရေး ခက်ခဲစေရန် အတားအဆီးဖြစ်နေပြီး  နာဂ ဒေသ  ဖွံ့ဖြိုးမှုကို  အဟန့်အတားဖြစ်နေစေ သည်။ ထိုကဲ့သို့အခြေအနေကို ကျော်လွန်နိုင် ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းဦးစီး ဌာန၊ တံတားဦးစီးဌာနတို့သည် နှစ်စဉ်ဘဏ္ဍာ နှစ်အလိုက်  လမ်းကွန်ရက်၊ တံတားကွန်ရက်  ချိတ်ဆက်မှု   တိုးတက်လာစေရန်    ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ ဆောင်ရွက်ရာတွင် ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်းရှိ ဟုမ္မလင်းနှင့် ခန္တီးမြို့များနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ    လေရှီးမြို့နှင့် ဆွမ္မရာမြို့နယ်ခွဲတို့ကို  ဆက်သွယ်သွားလာနိုင်မည့်  ချင်းတွင်းတံတား(ထမံသီ) ကို တည်ဆောက်လျက်ရှိသည်။

 

 ချင်းတွင်းတံတား(ထမံသီ)သည်   ပင်းမာ-ထမံသီ - လေရှီး - ပန်ဆပ် - ဆွမ္မရာလမ်းပေါ်တွင် တည်ရှိသည်။ 

 


“မြစ်အရှေ့ခြမ်းနဲ့  အနောက်ခြမ်း  ဖွံ့ဖြိုးမှုကို တူညီစေဖို့ဆိုတာ တံတားရှိမှပါ။ ကျွန်တော်တို့ ဒေသ က သွားရေးလာရေး အခက်အခဲရှိတဲ့ ဒေသအဖြစ်မှာ တည်ရှိနေသေးတယ်။  ဖွံ့ဖြိုးဖို့ လိုအပ်နေသေးတယ်။ ဒေသဖွံ့ဖြိုးဖို့အတွက် အခြေခံက လမ်းတွေ၊ တံတား တွေက အခြေခံဖြစ်တဲ့အတွက် ဒီဟာတွေ ပြည့်စုံလာ ဖို့  မျှော်လင့်တယ်။  တံတားကြီး  ပြီးသွားပြီဆိုရင် ဘာပဲပြောပြော ပိုပြီးလွယ်လွယ်ကူကူနဲ့ သွားနိုင် တော့မယ်။ ဒီတံတားက  ဒေသလူမှုစီးပွားကို အများ ကြီး   အထောက်အကူဖြစ်စေမှာပါ” ဟု  ဒေသခံ ဦးအောင်နိုင်က ပြောသည်။

 


လမ်းသစ်ဖောက်လုပ်ခြင်းဆောင်ရွက်


ပြည်သူလူထု၏     လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန်၊ ပထဝီအနေအထား/ သဘာဝ အနေအထား အရ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကွာခြားနေမှုကို လျှော့ချရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု လျင်မြန်သွက်လက်စေရန် အတွက် လမ်းပန်းဆက်သွယ်ရေးသည်  အဓိကကျ သော   အခန်းကဏ္ဍမှ  ပါဝင်လျက်ရှိသည့်အတွက် နိုင်ငံအတွင်း   လမ်းပန်းဆက်သွယ်မှု  အဆင်ပြေ  ချောမွေ့စေရန်   လမ်းများ   အဆင့်မြှင့်တင်ခြင်း၊  လမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများ  ဆောင်ရွက် လျက်ရှိရာ  လမ်းများနှင့်အတူ  တံတားများအားလုံး တစ်ပြေးညီ  တိုးတက်ကောင်းမွန်ရေးကို   တံတား ဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည်။

 


တံတားဦးစီးဌာနမှ တည်ဆောက်ဆဲ ချင်းတွင်း တံတားသည် သက္ကယ်ကျင်း-ဖောင်းပြင်- ဟုမ္မလင်း- ခန္တီးလမ်း မိုင်တိုင် ၂၄၇ ရှိ ပင်းမာရွာမှ ချင်းတွင်းမြစ်ကို ဖြတ်၍ ထမံသီမှတစ်ဆင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ လေရှီးမြို့နှင့် ဆွမ္မရာမြို့နယ်ခွဲကို ဆက်သွယ် ပေးမည့် တံတားတစ်စင်းဖြစ်ပါသည်။ အဆိုပါတံတား တည်ဆောက်ခြင်းဖြင့်   ချင်းတွင်းမြစ်   အရှေ့ဘက် ကမ်းရှိ  ခန္တီး၊  ဟုမ္မလင်း၊   ဖောင်းပြင်မြို့များနှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ လေရှီး၊ ဆွမ္မရာ ဒေသမှ ဒေသခံပြည်သူများ ခရီးသွားလာမှု မြန်ဆန် ကောင်းမွန်စေရန်နှင့်   လူမှုစီးပွားဘဝမြင့်မားပြီး ဖွံ့ဖြိုးတိုးတက်စေရန်   ရည်ရွယ်၍   တည်ဆောက် ထားခြင်း ဖြစ်သည်။

 


နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   ဒေသအတွင်းရှိ  လေရှီးမြို့နှင့်   ဆွမ္မရာမြို့နယ်ခွဲ   ဒေသခံများ၏ လူမှုစီးပွားကို   များစွာအထောက်အကူပြုစေမည့် တည်ဆောက်ဆဲ     ချင်းတွင်းတံတား    (ထမံသီ) တည်ဆောက်ရေး စီမံကိန်းသည် ယခုအခါ တံတား တစ်စင်းလုံး တည်ဆောက်မှု၏ ၂၁ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ပြီး တံတားတည်ဆောက်မှုကို ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့ (၂)က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

 


“ပြီးစီးတဲ့ လုပ်ငန်းတွေပြောရရင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ  အကြိုအင်ဂျင်နီယာ  လုပ်ငန်းတွေ၊ ပင်မတံတားရေလယ်တိုင် အုတ်မြစ်၊ ချဉ်းကပ်တံတား အုတ်မြစ်နဲ့ ကိုယ်ထည်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ တယ်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် mini budget မှာ တော့ ပင်မတံတား ရေလယ်တိုင် အုတ်မြစ်လုပ်ငန်းနဲ့ ချဉ်းကပ်တံတား      ကိုယ်ထည်လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်” ဟု  ဆောက်လုပ်ရေးဝန်ကြီး ဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၂) မှ ညွှန်ကြားရေးမှူးက ပြောသည်။

 


တံတားအူကြောင်းသုံးကြောင်းဖြင့်ဆောင်ရွက်


အဆိုပါ   တံတားတည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာခြင်း လုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင် တံတားအူကြောင်း သုံးကြောင်းဖြင့် စတင်လေ့လာဆောင်ရွက်ခဲ့ကြောင်း တံတားဦးစီး ဌာနမှ   သိရသည်။   တံတားဦးစီးဌာနအနေဖြင့် ရွေးချယ်ထားသော တံတားအူကြောင်း သုံးခု အနက် နည်းပညာဆိုင်ရာ နှိုင်းယှဉ်ချက်၊ စီးပွားရေးဆိုင်ရာ နှိုင်းယှဉ်ချက်၊ လူမှုရေး ရှုထောင့် အထွေထွေ နှိုင်းယှဉ် ချက်များအရ  လျာထားတံတားအူကြောင်း တစ်ခုကို ရွေးချယ်ခဲ့သည်။

 


ထို့နောက်   ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်တွင် တိုင်းတာရေးလုပ်ငန်းနှင့် မြေစမ်းသပ်ခြင်း လုပ်ငန်း ကို တံတားအထူးအဖွဲ့ (၂) က ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ  ၁၉ ရက်တွင်  တံတားတည်ဆောက် ရေးလုပ်ငန်းများကို တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့ (၂) က  စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


“တံတားကြီး  ပြီးစီးဖို့က  ရာခိုင်နှုန်းနဲ့ပြောရင်တော့ ၈၀ ရာခိုင်နှုန်း ကျန်တယ်။ လုပ်ငန်းရပ်အနေနဲ့ ကျန်နေတာကိုပြောရရင်တော့  ချဉ်းကပ်တံတား (ပင်းမာဘက်ကမ်း) တွင် အပေါ်ထည်လုပ်ငန်းများ ဖြစ်တဲ့  ကြိုတင်အားဖြည့်     သံကူကွန်ကရစ်ယက္မ လုပ်ငန်း၊        ကြမ်းခင်းလုပ်ငန်း၊ လက်ရန်းလုပ်ငန်းတွေ၊ ထမံသီဘက်ကမ်းမှာ အောက်ခြေအုတ်မြစ် လုပ်ငန်း၊ ကိုယ်ထည်နဲ့    အပေါ်ထည်လုပ်ငန်းတွေနဲ့    ပင်မ တံတားမှာ  အပေါ်ထည်   လုပ်ငန်းတွေ၊   သံပေါင် တပ်ဆင်ခြင်းလုပ်ငန်း၊    ကြမ်းခင်းခြင်းလုပ်ငန်း၊ လက်ရန်းတပ်ဆင်ခြင်းစတဲ့လုပ်ငန်းတွေ     ဖြစ်ပါ တယ်။  တံတားပြီးစီးပြီးရင်  ဒေသခံပြည်သူတွေရဲ့ ဆက်သွယ်သွားလာမှု ပိုအဆင်ပြေလာမှာဖြစ်သလို အခြားကဏ္ဍတွေ ဖွံ့ဖြိုးမှုလည်း နောက်က လိုက်ပါ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်  ကျွန်တော်တို့အဖွဲ့ အနေနဲ့ ကျန်နေသေးတဲ့  လုပ်ငန်းရပ်တွေကိုလည်း ဘဏ္ဍာငွေရရှိမှုအရအမြန်ဆုံး၊  အကောင်းဆုံးဖြစ် အောင်  ကြိုးပမ်းသွားမှာပါ” ဟု  တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူးက ပြောသည်။ 

 


တံတားဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးတွင် ပင်မတံတား ရေလယ်တိုင် အုတ်မြစ် လုပ်ငန်းနှင့်   ကိုယ်ထည်လုပ်ငန်းများ၊  ချဉ်းကပ် တံတား    ကိုယ်ထည်လုပ်ငန်းများကို   အကောင် အထည်ဖော်     ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   သိရှိရသည်။

 


“ဒီနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြီးရင် တံတား တစ်စင်းလုံး ပြီးစီးမှုက ၃၀ ရာခိုင်နှုန်းအထိ  ပြီးစီးလာ မှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွက်  ဆောင်ရွက်မယ့်  လုပ်ငန်းတွေကတော့ လျာထားပြီးဖြစ်ပါတယ် ” ဟု ညွှန်ကြားရေးမှူးက ရှင်းပြသည်။

 


ချင်းတွင်းတံတား(ထမံသီ)သည် အရှည် ၈၀၁ မီတာနှင့် တံတား၏ ခံနိုင်ဝန် ၇၅ တန် ရှိမည်ဖြစ်သည်။ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ ရှိပြီး ပင်မတံတား အရှည်သည် ၄၈၃ ဒသမ ၅ မီတာ ရှိမည်ဖြစ်ကာ သံမဏိသံပေါင်ခုံးတံတား အမျိုးအစား ဖြစ်သည်။ တံတား၏  ချဉ်းကပ်နှင့် ပင်မရေလယ်တိုင် အုတ်မြစ်များကို     သံကူကွန်ကရစ်      ဘိုးပိုင်များဖြင့် တည်ဆောက်ထားကြောင်း    တံတားဦးစီးဌာနမှ သိရသည်။ 

 


တက်ညီလက်ညီနဲ့စနစ်တကျဆောင်ရွက်


တံတားများ  တည်ဆောက်ရာတွင်  Quality Management System ဖြင့် အရည်အသွေးစံချိန် စံညွှန်းများ သတ်မှတ်ထားရှိကြောင်း တံတားဦးစီး ဌာနမှ သိရသည်။

 


 ချင်းတွင်းတံတား(ထမံသီ)   တည်ဆောက်မှု လုပ်ငန်းများနှင့်   စပ်လျဉ်း၍  တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့   (၂) မှ  လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) က “တောင်စဉ်တောင်တန်း ပေါ်က အရှိန်နဲ့စီးဆင်းလာတဲ့ မြစ်ပေါ်မှာ တံတား တည်ဆောက်ရတာ  အမြဲသတိရှိဖို့လိုအပ်ပါတယ်။ ချင်းတွင်းမြစ်က  ရေစီးသန်တယ်။  လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို အမြဲဦးစားပေးရ တယ်။  ဒါကြောင့်  တံတားတည်ဆောက်ရေးမှာ တက်ညီလက်ညီနဲ့ အဖွဲ့လိုက် စနစ်တကျ ဆောင်ရွက် ရပါတယ်။ တံတားကြီး သတ်မှတ်တဲ့အချိန်မှာ ပြီးစီးဖို့ တာဝန်တွေကိုတော့   နေ့နဲ့ည  အဆိုင်းအလိုက် တည်ဆောက်ရေးအပိုင်း၊ လျှပ်စစ်အပိုင်း၊ ယန္တရား အပိုင်း၊   ရေသန့်အပိုင်း  စသဖြင့်  အပိုင်းအလိုက် ဆောင်ရွက်ကြပါတယ်” ဟု ပြောပြသည်။ 

 


ထမံသီတံတား တည်ဆောက်မည့် ချင်းတွင်းမြစ်သည် ဟူးကောင်းချိုင့်ဝှမ်းတွင် မြစ်ဖျားခံ စီးဆင်းလာ ပြီး မိုင် ၇၅၀ ခန့် ရှည်လျားကာ ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့နှင့်  ရေစကြိုမြို့အနီးတွင်  စီးဝင်သည်။ ချင်းတွင်းမြစ်ပေါ်တွင်   ချင်းတွင်းတံတား  (ဆင်ဖြူ ရှင်)၊ ချင်းတွင်းတံတား (မုံရွာ)၊ ချင်းတွင်းတံတား (ဟုမ္မလင်း)၊ ချင်းတွင်းတံတား (ကလေးဝ)၊ ချင်းတွင်း တံတား (ခန္တီး) တို့ကို တည်ဆောက်ပြီးဖြစ်သည်။

 


တည်ဆောက်ဆဲဖြစ်သည့်   ချင်းတွင်းတံတား (ထမံသီ) ပြီးစီးပါက နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ဆက်စပ်လျက်ရှိသည့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့်   ကဏ္ဍစုံ     ဖွံ့ဖြိုးလာစေရန်   အထောက်အကူပြုနိုင်တော့မည်ဖြစ်ကြောင်း  တင်ပြ လိုက်ရပါသည်။                                        

ဗညားဦး