
မယ်စဲ့ မေ ၁၄
ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် ဆောင်းသီးနှံ အဖြစ် ဒေသတွင်း အားထားစိုက်ပျိုးသည့် ကြက်သွန် ဖြူများ ဈေးကောင်းရရှိသောကြောင့် ကြက်သွန် စိုက်တောင်သူများ အဆင်ပြေကြကြောင်းကြက်သွန်ဖြူ စိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် မယ်စဲ့၊ ဝမ်ကန်၊ နမ့်မန်း၊ ဟိုစဲ့ကျေးရွာတို့ရှိ လယ်မြေများ၌ ဆောင်းသီးနှံ အဖြစ် ကြက်သွန်ဖြူကို နှစ်စဉ်စိုက်ပျိုးလာရာ အိမ်နီးချင်း ထိုင်းနိုင်ငံက ကြိုက်နှစ်သက် သည့်အတွက် စီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးလာ ကြသည်။ ကြက်သွန်ဖြူကို မိုးစပါးရိတ်သိမ်းပြီးချိန် ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး ဧပြီလတွင် နုတ်သိမ်းသည်။
ကြက်သွန်ဖြူစိုက်ပျိုးချိန်မှ နုတ်သိမ်းချိန်အထိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးအလုပ်သမားခ၊ ပေါင်းလိုက်ခ၊ မြက်သတ်ဆေး၊ ပိုးသတ်ဆေးနှင့် မြေဩဇာတို့ကိုသုံးစွဲရသည့် စိုက်ပျိုးစရိတ်၊ ဆေးဖိုး များအပြင် နုတ်သိမ်းချိန်တွင်လည်း ကြက်သွန်ဖြူ နုတ်ခစသည့် ကုန်ကျစရိတ်များရှိကြောင်း သိရ သည်။
ယခင်နှစ်က ကိုဗစ် - ၁၉ ရောဂါကြောင့် မယ်စဲ့ ဘီပီ - ၁၃ နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့သည့်အတွက် ထိုင်းနိုင်ငံမှ လာရောက်ဝယ်ယူမှုမရှိသော ကြောင့် ကြက်သွန်ဖြူဈေးကွက်ကျဆင်းကာ ကြက်သွန်ဖြူအစို တစ်ကီလိုလျှင် ကျပ် ၂၀၀ နှင့် အခြောက် တစ်ကီလိုလျှင် ကျပ် ၅၀၀ ခန့်ဈေးဖြင့်သာ ရောင်းချခဲ့ရသဖြင့် တောင်သူများ အရှုံးပေါ်ခဲ့ကြ သည်။
ယခုနှစ် ကြက်သွန်ဖြူ စတင်ထွက်ရှိချိန်တွင်မူ အစို တစ်ကီလိုလျှင် ကျပ် ၅၀၀(ထိုင်းငွေ ၈ ဘတ်)ဈေးဖြင့် စတင်ဝယ်ယူကြသလို ကြက်သွန်ဖြူ အခြောက် တစ်ကီလိုလျှင် ကျပ် ၂၆၀၀(ထိုင်းငွေ ၄၅ ဘတ်)အထိ ဈေးရနေကြောင်း၊ မယ်စဲ့ဒေသထွက် ကြက်သွန်ဖြူကို တောင်သူများက မြေဩဇာအနည်း ငယ်သာ သုံးသည့်အတွက် ထိုင်းနိုင်ငံက ကြိုက်နှစ် သက်သဖြင့် လာရောက်ဝယ်ယူမှု များပြားပြီး ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက် )