ရန်ကုန် ဧပြီ ၂၃
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူး၍ မြန်မာပလာဇာ(MyanmarPlaza)၏ ပံ့ပိုးကူညီမှု ဖြင့်ကျင်းပသည့် Myanmar Plaza Sepaktakraw Challenge Cup ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာပလာဇာ ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်မြတ်၊ မြန်မာပလာဇာမှ ပြိုင်ပွဲကျင်းပရေးနှင့် အရောင်းမြှင့်တင်ရေးမန်နေဂျာ ဒေါ်ဟန်စုယဉ်တို့က အမှာစကားပြောကြား ကြပြီး ပြိုင်ပွဲကို တာဝန်ရှိသူများက ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြိုင်ပွဲကို ပထမပွဲစဉ်အဖြစ် ဖဆန်းညွန့်အသင်းနှင့် USL အသင်း၊ YRG အသင်းနှင့် ဒွေးမယ်နော်အသင်း၊ ရွှေကျွန်းသားအသင်းနှင့် စိုးလင်းအသင်း၊ ဆယ်တဲဗိုလ်အသင်းနှင့် လိပ်သုံးကောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
ယင်းပြိုင်ပွဲကို ဧပြီ ၂၃ ရက်မှ ၂၆ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ကစားသမားများ၊ ဝါရင့်ကစားသမားများနှင့် အရည်အသွေးထက်မြက်သည့် မျိုးဆက်သစ်လူငယ်များက လေးယောက်တွဲ အလွတ်တန်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်၍ ဆုကြေး အဖြစ် ပထမဆုငွေကျပ်သိန်း ၅၀၊ ဒုတိယဆု ငွေကျပ်သိန်း ၃၀၊ ပူးတွဲတတိယဆုနှစ်ဆု တစ်ဆုလျှင် ငွေကျပ် ၁၅ သိန်းစီ ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အာကာ



