
နေပြည်တော် ဩဂုတ် ၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြီးမှူး၍ Myanmar Cyber Security Challenge ပြိုင်ပွဲ(၂၀၂၂)ကို စက်တင်ဘာလ ဒုတိယပတ်တွင် နေပြည်တော်ရှိ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (Myanmar Computer Emergency Response Team-MMCERT)မှ ထုတ်ပြန်ချက်အရ သိရသည်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအကြား ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သက်မွေးဝမ်းကျောင်းမှု အခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ် များ ဆိုက်ဘာလုံခြုံရေးနယ်ပယ်ကို စိတ်ဝင်စားမှု မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများသည် ပြိုင်ပွဲဝင်လျှောက်လွှာကို https://mmcert.org.mm/RegistrationForm 2022.pdf နှင့် https://mmcert.org.mm/Announcement2022.pdf လိပ်စာများတွင် ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်ခွင့် အတွက် လျှောက်လွှာပိတ်ရက်မှာ စက်တင်ဘာ ၂ ရက်ဖြစ်ပြီး ဝင်ခွင့်ရရှိသူများကို စက်တင်ဘာ ၅ ရက်တွင် ကြေညာမည်ဖြစ်သည်။
ပြိုင်ပွဲတွင် အသင်းပေါင်း ၂၀ သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ပြီး အချက်အလက် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိသည့်အသင်းများ၊ ပြိုင်ပွဲဝင် သုံးဦးမပြည့်သည့် အသင်းများအား ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်း၊ အရည်အချင်း ကိုက်ညီသည့် ပြိုင်ပွဲဝင်အသင်း ၂၀ ထက် ကျော်လွန် နေပါက စက်တင်ဘာ ၄ ရက်တွင် အွန်လိုင်းမှတစ်ဆင့် Forensics/Reverse Engineering/Cryptography နှင့်ဆိုင်သော မေးခွန်းများကို နှစ်နာရီကြာ ဖြေဆို ရမည်ဖြစ်ပြီး အမှတ်အများဆုံး အသင်း ၂၀ ကိုသာ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် (က) Web Security (ခ)Forensics (ဂ) Cryptography (ဃ) Reverse Engineering (င) Binary Exploits(Pwn) ကဏ္ဍများကို နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ဖြေဆိုရမည်ဖြစ်ပြီး ချီးမြှင့်မည့်ဆုများမှာ ဆုတံဆိပ်နှင့် အသိအမှတ်ပြု လက်မှတ်များနှင့်အတူ ပထမဆု ကျပ် ၁၅ သိန်း၊ ဒုတိယဆု ကျပ် ၁၀ သိန်းနှင့် တတိယဆု ကျပ် ခုနစ် သိန်း ဖြစ်သည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများမှ ပြိုင်ပွဲဝင် များအား စင်ကာပူနိုင်ငံတွင် ကျင်းပမည့် "Singapore Cyber Conquest"၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပ မည့် "ASEAN Students Contest on Information Security"နှင့် ထိုင်းနိုင်ငံတွင်ကျင်းပမည့် "ASEAN Cyber SEA Game" ပြိုင်ပွဲများသို့ စေလွှတ်ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် ဆိုက်ဘာလုံခြုံရေး၏ အရေးပါမှုကို သိရှိလာခြင်း၊ သတင်းအချက်အလက် လုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေးပိုင်းဆိုင်ရာ ကျွမ်းကျင် မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကာကွယ်နိုင်မည့်နည်းလမ်းများကို ပိုမိုသိရှိလာခြင်း၊ နိုင်ငံတကာ၏ စံသတ်မှတ်ချက်များနှင့်အညီ ထုတ် ထားသောမေးခွန်းများကို ဖြေဆိုခြင်းဖြင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွေ့အကြုံ ကောင်းများရရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် လျှောက်လွှာများကို စက်တင်ဘာ ၂ ရက်မတိုင်မီ အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၊ ဇမ္ဗူကျက်သရေလမ်း၊ ဇမ္ဗူသီရိ မြို့နယ်၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ ctf@ncsc.gov.mm သို့ အီးမေးလ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ပြီး ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - ၀၆၇- ၃၄၂၂၂၇၂ သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။
ကိုစိုး