
မန္တလေး ဇူလိုင် ၂၁
မြဝတီနယ်စပ်မှတစ်ဆင့် ဝယ်ယူတင်သွင်းသည့် အောက်ဆီဂျင်အရည် တန် ၂၀ သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ရောက်ရှိခဲ့ ကြောင်း သိရသည်။
“ပြည်သူ့ ကျန်းမာရေးနဲ့ မန္တလေး မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေးကော်မတီရဲ့ အစီအစဉ် နဲ့ မန္တလေးဆေးရုံကြီးကို အောက် ဆီဂျင်အရည် ရောက်တာ အခုက ဒုတိယအကြိမ် ဖြစ်ပါတယ်။ တန် ၂၀ပါ ပါတယ်။ လက်ရှိ ဆေးရုံ ကြီးမှာ အောက်ဆီဂျင်အရည်တန် က ၂၁ တန်ဆံ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်က ထည့်ထားတာ ကလည်း သုံးနေဆဲဖြစ်ပါတယ်။ ၆ တန်ခွဲလောက် ကျန်ပါသေး တယ်။ ဒါက တန် ၂၀ ဆိုတော့ ဒါကိုဖြည့်နေရင်းနဲ့ ကိုဗစ်လူနာ တွေကို တောက်လျှောက် အောက် ဆီဂျင်လွှတ်ပေးပြီး ကုသမှုမပြတ် ဖြည့်သွားမှာ ဖြစ်ပါတယ်” ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်က ပြောသည်။
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်ဆီဂျင် အသုံးပြု ကုသပေးနေရသော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၁၆၀ ကျော်ရှိပြီး လက်ရှိအနေအထား အရ မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီးတွင် Cartegories C ဟုခေါ်သော အောက်ဆီဂျင် အဆက်မပြတ်ပေးပြီး အထူး ဂရုစိုက်ရသည့် ကိုဗစ်လူနာများ ကိုသာ လက်ခံကုသပေးနေ သည့်အတွက် တစ်နေ့ ကိုဗစ် လူနာတစ်ဦးလျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့ ဆလင်ဒါ အလုံး ၂၀ မှ ၂၆ လုံးအထိ အသုံးပြုပေး နေရကြောင်း သိရသည်။
“ပထမအဆင့်ကတော့ ဆေးရုံ မှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်လူနာတွေကို အောက်ဆီဂျင် ကို မပူမပင်ဘဲ အပြည့်ဝရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော်ပြီး ဆေးရုံ မှာ သိုလှောင်ထားနိုင်တဲ့ အဆင့် ရောက်ပြီဆိုရင် အောက်ဆီဂျင် အရည်ကနေ ဆလင်ဒါကိုဖြည့်တဲ့ စနစ်တစ်ခု ရှိပါတယ်။ အဲဒီစနစ် ကတော့ Filling Unit ကို တပ်ပြီး အောက်ဆီဂျင်လိုအပ်နေတဲ့ ဌာန တွေ တခြားဆေးရုံတွေကို ပံ့ပိုး ပေးသွားဖို့ စီစဉ်ထားပါတယ်”ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးကဆက်ပြောသည်။
ဇူလိုင် ၁၇ ရက်တွင်လည်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ အောက်ဆီ ဂျင် အရည် တန်ချိန် ၂၆ တန်ကို ပြည်သူ့ကျန်းမာရေးနှင့် မန္တလေး မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေ ရေး ကော်မတီက ဝယ်ယူတင်သွင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
လတ်တလော ကိုဗစ်-၁၉ ကုသရေးတွင် လိုအပ်လျက်ရှိ သည့် Oxygen Concentrator များ တင်သွင်းမှုအတွက် FDA ထောက်ခံချက်နှင့် သွင်းကုန် လိုင်စင်လျှောက်ထားရန် မလိုအပ် သည့်အပြင် အကောက်ခွန် သုံးရာခိုင်နှုန်းအတွက် လည်း လက်ငင်းပေးဆောင်ရန် မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျှော့ ခွင့်ပြုပေးထားကြောင်း၊ နယ်စပ် စခန်းများမှတစ်ဆင့် ပြည်တွင်းသို့ ဇူလိုင် ၁၂ ရက်မှ ၁၈ ရက်အထိ အောက်ဆီဂျင် (အရည်) လီတာ ၄၉ သန်း၊ အိမ်သုံး OxygenConcen- trator ၆၅၀၅ ခု၊ နှာခေါင်းစည်း ၂၉၀ တန် တင်သွင်းနိုင်ခဲ့ကြောင်း လည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ထိပ်ထားနိုင်