မြဝတီ မေ ၂၁
ယခုလတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကုန်းတွင်းမုန်တိုင်းနှင့်ပတ်သက်ပြီး အသိ ပညာပေးဟောပြောပွဲကို ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဓမ္မာရုံတွင် မေ ၂၀ ရက်က ပြုလုပ်သည်။
ရှေးဦးစွာ မြဝတီခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်က ယခု လတ်တလောဖြစ်ပေါ်လျက်ရှိသည့် ကုန်းတွင်း မုန်တိုင်းနှင့်ပတ်သက်၍ သတိပြုရမည့်အချက် များ၊ ကြိုတင်ဆောင်ရွက်ရမည့်အချက်များ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ရေဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ရမည့်အချက်များ၊ ရေဘေးဖြစ်ပေါ်လာပါက ဆောင်ရန်ရှောင်ရန် အချက်များ အသိပညာပေး ပြောကြားသည်။
ထို့နောက် မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်မင်းသန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်သွင်ဦးတို့က သက်ဆိုင်ရာကဏ္ဍ များအလိုက် အသိပညာပေး ဟောပြောသည်။
မြဝတီမြို့သည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံနယ်နိမိတ်ပိုင်းခြားထားသည့် သောင်ရင်းမြစ် ဘေးတည်ရှိရာ နယ်စပ်မြို့ တစ်မြို့ဖြစ်သည့် အတွက် မိုးတွင်းကာလများတွင် သောင်ရင်း မြစ်ရေလျှံတတ်ပြီး ရေကြီးမှုများ ဖြစ်ပွားလေ့ရှိ သည့်အတွက် ယခုကဲ့သို့ အသိပညာပေး ဟောပြောခြင်းဖြစ်ကြောင်း မြဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)



