မူးယစ်ဆေးအန္တရာယ် စုပေါင်းကာကွယ်ကြပါစို့

Type

 

အောင်ရှင်း

 

မူးယစ်ဆေးဝါးသုံးစွဲမှုက သုံးစွဲတဲ့  လူတစ်ဦးတစ်ယောက်ချင်းစီကို ထိခိုက်စေရုံသာမက ဆေးစွဲနေသူရဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ တိုင်းပြည်ရဲ့   အရင်းအမြစ်များနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သုံးစွဲသူအနေနဲ့လည်း HIV/AIDS  ရောဂါ ကူးစက်ခံရခြင်းအပါအဝင် အခြားသော ရောဂါပေါင်းစုံဝင်ရောက်နိုင်ပြီး  လူမှုရေးကိုထိခိုက်စေတဲ့ ဆိုးကျိုးများကို  ချက်ချင်းလက်ငင်း ကြုံတွေ့ခံစားရမှာဖြစ်ပြီး မိသားစုရှိတဲ့သူဖြစ်မယ်ဆိုရင်  ၎င်းရဲ့ သားသမီးများမှာလည်း  မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့  ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊  စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း လျစ်လျူရှုခြင်းခံရမှုတွေ ကြောင့် သနားဖွယ်ရာ စိတ်ဒဏ်ရာများနဲ့  ကြီးပြင်းလာကြရပါတယ်။

 

ဒီလိုမျိုး တစ်ဦးချင်းနဲ့ မိသားစုဆိုင်ရာ ဆိုးကျိုး တွေက ဒီနေရာမှာ ရပ်တန့်မနေဘဲ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ   သက်ရောက်လာ ပါတော့တယ်။        မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အထူးသဖြင့်    မက်သာဖက်တမင်း    ထုတ်လုပ်တဲ့ နေရာများရဲ့   ပတ်ဝန်းကျင်မှာ  ဓာတုအဆိပ်သင့်မှု ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်ပါတယ်။       ဆေးစွဲသူတွေနဲ့ မိသားစုတွေကို   စောင့်ရှောက်ကုသရတဲ့    အရင်း အမြစ်များကလည်း သက်ဆိုင်ရာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာပြီး      တိုင်းပြည်ကိုပါ ထိခိုက်လာပါတော့တယ်။  မူးယစ်ဆေးဝါးကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့   ဘက်ပေါင်းစုံ က ဆုတ်ယုတ်မှုတွေဖြစ်ပေါ်လာပြီး  အဆုံးသတ်မှာ လူရာမဝင်၊    လူစဉ်မမီတဲ့   မျိုးဆက်များ၊     လူသား အဖွဲ့အစည်းများဖြစ်လာကာ       တစ်နိုင်ငံလုံး၊ ကမ္ဘာကြီးတစ်ခုလုံးပျက်စီးရတဲ့      အခြေအနေကို ဆိုက်ရောက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့နိုင်ငံ အားလုံးက  မူးယစ်ဆေးဝါးကို အားလုံးရဲ့ဘုံရန်သူ အဖြစ် သတ်မှတ်ပြီး တိုက်ဖျက်တားဆီးနေကြခြင်း ဖြစ်ပါတယ်။   ဇွန်လ  ၂၆   ရက်နေ့ကို    အပြည်ပြည် ဆိုင်ရာ  မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့      (International Day against Drug Abuse and Illicit Trafficking) အဖြစ်    သတ်မှတ်ပြီး  နှစ်စဉ်ကျင်းပလျက်ရှိရာမှ ယခု ၂၀၂၃ ခုနှစ်မှာဆိုရင်  ၃၆  ကြိမ်တိုင်ခဲ့ပြီဖြစ်ပါ တယ်။
နစကအစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး
ကမ္ဘာ့နိုင်ငံများနည်းတူ     ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ အနေနဲ့လည်း    တပ်မတော်သားများ၊    လုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့   ပြည်သူများလက်တွဲပြီး   ကိုလိုနီ ခေတ်မှ  စတင်အမြစ်တွယ်ခဲ့တဲ့  မူးယစ်ဆေးဝါးကို ခေတ်အဆက်ဆက်         တားဆီးတိုက်ဖျက်ခဲ့ကြပါ တယ်။ ယခုအခါမှာ နည်းပညာများ  တိုးတက်လာ သည်နှင့်အမျှ   နည်းစနစ်များနဲ့    ဓာတုပစ္စည်းများ လည်း  ပေါများလာပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတဲ့  ဆေးဝါးများကို လွယ်လွယ်ကူကူ ထုတ်လုပ်ဖြန့်ဖြူးလာကြတဲ့အတွက် မူးယစ်ဆေးဝါး နှိမ်နင်းရေးများကိုလည်း   အစိုးရအဆက်ဆက်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လာကြပါတယ်။
၁၉၉၃     ခုနှစ်၊   မူးယစ်ဆေးဝါးနှင့်     စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ မူးယစ်ဆေးဝါးနှင့်           စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်  တားဆီးကာကွယ်ရေး ဗဟို အဖွဲ့ကို        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ   ၂၁   ရက်နေ့ ရက်စွဲနဲ့ ထပ်မံပြင်ဆင်ပြီး အမိန့်ကြော်ငြာစာအမှတ် ၂၅/ ၂၀၂၂ ဖြင့် အဖွဲ့ဝင် ၁၉ ဦး၊ လုပ်ငန်းတာဝန် ၂၁ ချက်ဖြင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဗဟို အဖွဲ့က လုပ်ငန်းအဖွဲ့   ၁၁  ဖွဲ့ကို  တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ခဲ့ပါတယ်။
ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများ    ထိရောက်အောင်မြင်ခဲ့ပြီး   မူးယစ် ဆေးဝါးနှင့်    စိတ်ကိုပြောင်းလဲစေတဲ့     ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိမှုစာရင်းတွေကို နှစ် အလိုက် ဖော်ပြပေးလိုက်ပါတယ်။
ဒီစာရင်းဇယားများနဲ့ ဖမ်းဆီးရမိမှုဖြစ်စဉ်များ ကို    လေ့လာကြည့်ခြင်းအားဖြင့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီလက်ထက်မှာ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်မှုများက မှတ်တမ်းတင်ထိုက်ပါတယ်။
မူးယစ်ဆေးဝါးကို    ထိရောက်စွာ       တားဆီး ကာကွယ်နိုင်ဖို့ ပြည်သူလူထုက မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးကို နားလည်သဘောပေါက်ပြီး   ပူးပေါင်း ဆောင်ရွက်ဖို့က          အရေးကြီးကိစ္စတစ်ခုဖြစ်တဲ့ အတွက် လူငယ်မျိုးဆက်သစ်တို့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို          သိရှိနိုင်စေဖို့        အသိပညာပေး လုပ်ငန်းများကို           ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ လူငယ် များနဲ့ ပြည်သူလူထုအတွင်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကို သိရှိတွေ့မြင်ပြီး     ရှောင်ကြဉ်ကြစေရေးအတွက် ရေဒီယို၊ ရုပ်မြင်သံကြား၊ ဗီဒီယို၊ ရုပ်ရှင်၊  သဘင်၊ တေးဂီတစတဲ့ လူထုဆက်သွယ်ရေးနည်းလမ်းများနဲ့ ထိရောက်စွာ    ပညာပေးနိုင်ရန်     စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ
မြန်မာနိုင်ငံက   မူးယစ်ဆေးဝါး  ထိန်းချုပ်ရေး အတွက်            ကုလသမဂ္ဂမူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းသုံးခုမှာ ပါဝင်လက်မှတ်ရေးထိုးထားပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့          (INCB)၊ ကုလသမဂ္ဂ     မူးယစ်ဆေးဝါးနှင့်     မှုခင်းဆိုင်ရာရုံး (UNODC)၊  အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများ၊     ဒေသအပြင်ဘက်နိုင်ငံများနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အပြင်     ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်    မှုခင်း ဆိုင်ရာရုံး (UNODC)၊ သြစတြေးလျပြည်ထောင်စု ရဲအဖွဲ့ (AFP)၊ အမေရိကန် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့    (DEA)၊    တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး ကော်မရှင် (NNCC)၊    ထိုင်းနိုင်ငံ    မူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့     (ONCB)   တို့နဲ့လည်း    အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။
အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု
မြန်မာနိုင်ငံက  အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ကို အာဆီယံဒေသအတွင်း   ပူးပေါင်းဆောင်ရွက်မှု များမှာ     တက်ကြွစွာဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးအစည်းအဝေးများဖြစ်တဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ      အာဆီယံဝန်ကြီးအဆင့် အစည်းအဝေး (AMMD)၊  အာဆီယံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ      အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး     (ASOD)၊   အာဆီယံလေကြောင်း ကြားဖြတ်စစ်ဆေးရေး    အထူးအဖွဲ့အစည်းအဝေး (AAITF)၊ အာဆီယံ   ပင်လယ်ဆိပ်ကမ်းကြားဖြတ် စစ်ဆေးရေးအထူးအဖွဲ့    အစည်းအဝေး    (ASITF)၊ အာဆီယံ     မူးယစ်ဆေးဝါး  စောင့်ကြပ်ကြည့်ရှုမှု ကွန်ရက်အစည်းအဝေး    (ADMN)  များကို ပါဝင် တက်ရောက်ပြီး     ဘက်ပေါင်းစုံကနေ   ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။       အာဆီယံအဖွဲ့က ချမှတ်ထားတဲ့  ဘေးကင်းလုံခြုံတဲ့     လူမှုအဖွဲ့ဖြစ်စေဖို့    မူးယစ် ဆေးဝါးဆန့်ကျင်ရေး      အာဆီယံလုပ်ငန်းစီမံချက်    (၂၀၁၆-၂၀၂၅)   (ASEAN Work Plan- 2016-2025)     မှာ  ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
မဲခေါင် MoU လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု
ရွှေတြိဂံဒေသအဖြစ်  သတ်မှတ်ထားတဲ့ မြန်မာ နိုင်ငံ    ရှမ်းပြည်နယ်အရှေ့ဘက်၊      ထိုင်းနိုင်ငံ မြောက်ဘက်၊ လာအိုနိုင်ငံမြောက်ဘက်နဲ့  တရုတ် နိုင်ငံ အနောက်တောင်ဘက်ဒေသများဟာ  ကမ္ဘာ ပေါ်မှာ    ဘိန်းနဲ့ဘိန်းဖြူ  အများဆုံးထုတ်လုပ်တဲ့ ဒေသအဖြစ် ကျန်ရှိနေသေးတဲ့အတွက်  အဲဒီဒေသ အတွင်းမှာရှိတဲ့      နိုင်ငံများက    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး      ပူးပေါင်းဆောင်ရွက်နိုင်ရန် မဲခေါင်သဘောတူညီချက်ကို မြန်မာ၊ ထိုင်း၊ လာအိုနဲ့ တရုတ်နိုင်ငံတို့က ၁၉၉၃ ခုနှစ်မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။   ၁၉၉၅    ခုနှစ်မှာ အဖွဲ့ဝင်သစ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးပြီး မဲခေါင်ဒေသခွဲ ခြောက်နိုင်ငံအတွင်းမှာ   မူးယစ်ဆေးဝါးထိန်းချုပ် ရေး လုပ်ငန်းများကို   ပူးပေါင်းဆောင်ရွက်ခဲ့ကြပါ တယ်။ မဲခေါင် MoU အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ အိမ်ရှင်အဖြစ် ဝန်ကြီးအဆင့်အစည်းအဝေးကို နှစ် နှစ်လျှင် တစ်ကြိမ်၊ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေးနဲ့ ဗဟိုတာဝန်ခံများအစည်းအဝေးကို တစ်နှစ်လျှင်တစ်ကြိမ်  လက်ခံကျင်းပဆောင်ရွက် လျက်ရှိပြီး    မြန်မာနိုင်ငံက      ကိုယ်စားလှယ်များ ပါဝင်တက်ရောက်လျက်ရှိပါတယ်။ အဖွဲ့ဝင်နိုင်ငံများ အကြား မူးယစ်ဆေးဝါးထုတ်လုပ်၊  သယ်ဆောင်မှု သတင်းများဖလှယ်ပြီး      ရွှေတြိဂံဒေသမှတစ်ဆင့် မူးယစ်ဆေးဝါးများ  အခြားကမ္ဘာ့နိုင်ငံအသီးသီးကို ပျံ့နှံ့မှုမရှိစေရေး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု
အိန္ဒိယနိုင်ငံ    နယူးဒေလီမြို့မှာ  ၂၀၀၄   ခုနှစ် ဒီဇင်ဘာလ  ၉  ရက်က ကျင်းပခဲ့တဲ့  ဘင်းမ်စတက် ဒေသအတွင်း အကြမ်းဖက်မှုနှင့်    နိုင်ငံဖြတ်ကျော် မှုခင်းများ     တားဆီးနှိမ်းနင်းရေးဆိုင်ရာ       ပထမ အကြိမ် အစည်းအဝေးမှာ လုပ်ငန်းခွဲအုပ်စုများ  ဖွဲ့စည်းပြီး       အဖွဲ့ဝင်နိုင်ငံများက      တာဝန်ယူ ဆောင်ရွက်ဖို့ သတ်မှတ်ခဲ့တဲ့အတွက်   မြန်မာနိုင်ငံ အနေနဲ့  မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့်   ပရီကာဆာဓာတုပစ္စည်းများ             တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု    ကြိုတင်ကာကွယ်ရေး     လုပ်ငန်းခွဲအုပ်စုအစည်းအဝေးကို        တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။     မြန်မာနိုင်ငံတွင်းက ထွက်ရှိတဲ့    စိတ်ကြွဆေးဝါးများဟာ     ပြည်ပနိုင်ငံ များက ရောက်ရှိလာတဲ့ ပရီကာဆာဓာတုပစ္စည်းများ ကြောင့်    ထွက်ရှိလာခြင်းဖြစ်လို့ မြန်မာနိုင်ငံတွင်းက စိတ်ကြွဆေးဝါး       ထုတ်လုပ်မှုပပျောက်ဖို့အတွက် ပြည်ပနိုင်ငံများက   ဝင်ရောက်လာမယ့်   ပရီကာဆာ ဓာတုပစ္စည်းများ ဖမ်းဆီးရမိရေး အလွန်အရေးကြီး ပါတယ်။ ဒါကြောင့် တရားမဝင်ဓာတုပစ္စည်းများ ရောင်းဝယ်မှုကိုလည်း           ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်းတားဆီးထိန်းချုပ်နိုင်ရေး      အလေးထား လုပ်ဆောင်လျက်ရှိပါတယ်။
MoU/ LoA 
လက်မှတ်ရေးထိုး ဆောင်ရွက်မှု 
မြန်မာနိုင်ငံက မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ် ရေးအတွက်  အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊  တရုတ်၊
အိန္ဒိယ၊ ကိုရီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနဲ့ နှစ်နိုင်ငံသဘောတူညီချက် များ၊     နားလည်မှုစာချွန်လွှာများ   (MoU/ LoA) စုစုပေါင်း ၂၄ ခု လက်မှတ်ရေးထိုးထားရှိပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိပြီး        ဖိလစ်ပိုင်နိုင်ငံနဲ့     ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ (MoU) ကို ပြင်ဆင်လက်မှတ် ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။
နစကရဲ့ သမိုင်းမှတ်တိုင်
မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်  သုံးစွဲသူများ ကိုယ်တိုင်သာမက     လူ့အဖွဲ့ အစည်းတစ်ရပ်လုံးကို ထိခိုက်နိုင်ပြီး   လူငယ်များရဲ့     စွမ်းအားဆုံးရှုံးခြင်း အပြင် မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ရာကနေ  ရရှိ တဲ့    ငွေကြေးများဟာ    ပြစ်မှုကျူးလွန်သူများနဲ့ သောင်းကျန်းသူအဖွဲ့အစည်းများရဲ့     အင်အားကို ပိုမိုကြီးထွားစေပြီး        ဒေသတွင်းနိုင်ငံများရဲ့ လုံခြုံရေးနဲ့    တည်ငြိမ်ရေးကို    ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာစေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအပါအဝင် မူးယစ် ဆေးဝါး ထုတ်လုပ်ရောင်းချမှုများဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကြီးစိုးရာနယ်မြေ တွေမှာ အဓိကလုပ်ကိုင်နေတာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း     ရှင်သန်ရပ်တည်မှု အတွက်    ဝင်ငွေရလမ်းတစ်ခုအဖြစ်    တိုက်ရိုက် ဖြစ်စေ၊    သွယ်ဝိုက်ဖြစ်စေ      ပါဝင်ပတ်သက်နေတာ       မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်  မြန်မာနိုင်ငံ အတွင်း       လက်နက်ကိုင်ပဋိပက္ခချုပ်      ငြိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး      လုပ်ငန်းများအတွက် မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေးဟာ အရေးကြီး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။
ယနေ့ခေတ်မျက်မှောက်ကာလ မူးယစ်ဆေးဝါး ပြဿနာကို ရှုမြင်သုံးသပ်ကြရာမှာ တားဆီးနှိမ်နင်း ရေးနဲ့    ထိရောက်တဲ့   တရားစီရင်ရေးကဏ္ဍတစ်ခု တည်းကမဟုတ်ဘဲ ပြည်သူ့ကျန်းမာရေး၊ လူမှုဘဝ မြင့်မားရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဖွံ့ဖြိုးရေး၊ အခြေခံလွတ်လပ်ခွင့်နဲ့  လူ့အခွင့်အရေး ဆိုင်ရာကဏ္ဍများက ဘက်ပေါင်းစုံချဉ်းကပ်မှုပုံစံနဲ့ ပြဿနာရဲ့အရင်းအမြစ်တစ်ခုလုံးကို လွှမ်းခြုံပြီး အပြန်အလှန် အမှီသဟဲပြုဆောင်ရွက်ရန်  လိုအပ် လာကြောင်း တွေ့ရှိရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဘိန်းနဲ့ ဘိန်းဖြူအပါအဝင်  အခြားစိတ်ကြွရူးသွပ် ဆေးပြားတို့ကို ခေတ်အဆက်ဆက် နိုင်ငံတော်က ပြင်းပြင်းထန်ထန်       တားဆီးနှိမ်နင်းခဲ့ကြပြီး တပ်မတော်သားနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များစွာ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြရပါတယ်။
နစကအစိုးရလက်ထက်မှာ   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို   အမျိုးသားရေး   တာဝန် တစ်ရပ်အဖြစ်    သတ်မှတ်ပြီး       ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု၊ စိတ်ကြွဆေးဝါး ထုတ်လုပ်ရောင်းချမှု၊ တရားမဝင်ဓာတုဆေးဝါးများ    ဖမ်းဆီးနှိမ်နင်းမှု၊ မူးယစ်ဆေးဝါးနဲ့   ဆက်နွှယ်ပြီး    လက်နက်ခဲယမ်း မှောင်ခိုမှုများ၊     ငွေကြေးခဝါချမှုများကို   အမြစ် ဖြတ်တိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးဝါးရဲ့ သားကောင် များအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိတာကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။    ဒီလိုဆောင်ရွက်ရာမှာ နစကအစိုးရလက်ထက်   မူးယစ်ဆေးဝါးတားဆီးရေး လုပ်ငန်းများ   တိုးတက်အောင်မြင်မှုရရှိခဲ့ခြင်းဟာ ပြည်သူလူထုရဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများ ကြောင့် ထိရောက်အောင်မြင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သတင်းပေးမှုများကြောင့်  ဘိန်းခင်း များ ဖျက်ဆီးနိုင်မှုနဲ့ မူးယစ်ဆေးဝါးများ အမြောက် အမြား ဖမ်းဆီးရမိမှုများအပြင် လူမှုအသိုင်းအဝိုင်း ကြား မူးယစ်ဆေးဝါးသုံးစွဲသူနှင့်   ရောင်းဝယ်သူ များကို ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူမှု များက သက်သေပြနေပါတယ်။
ဒါကြောင့်     မြန်မာနိုင်ငံရဲ့   မူးယစ်ဆေးဝါး ပပျောက်ရေး ကြိုးပမ်းမှုများမှာ   ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အိမ်စောင့်အစိုးရနဲ့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ရဲ့     စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများက    ကမ္ဘာတည်သရွေ့      သမိုင်း မှတ်တိုင်တစ်ခုအဖြစ် ကျန်ရှိနေမှာဖြစ်တဲ့အကြောင်း  ၂၀၂၃   ခုနှစ်   ဇွန်လ   ၂၆  ရက်နေ့မှာ ကျရောက်မယ့်    (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုရေးသားလိုက်ရပါတယ်။     ။