
မူဆယ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် လာမည့် အောက်တိုဘာ ၁ ရက်တွင် တရားဝင်ဗီဇာများဖြင့် ဝင်/ထွက်သွားလာနိုင်တော့မည်ဖြစ်၍ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ အသိ ပညာပေး ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာသော ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်/တည်းခိုခန်းလုပ်ငန်းပိုင်ရှင်များ၊ တာဝန်ခံ များကို ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်းပိုင်ရှင်များ၊ နိုင်ငံခြားသားများ သိရှိလိုက်နာရမည့် ပြဋ္ဌာန်းချက် များနှင့် ပြစ်မှုပြစ်ဒဏ်တို့ကို သိရှိလိုက်နာရန် လက်ကမ်းစာအုပ်များ ဖြန့်ဝေပေးသည်။ ဆက်လက် ၍ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင် ဇော်မိုးက အမှာစကားပြောကြားပြီး မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက နိုင်ငံခြား သား ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဗီဇာအမျိုးမျိုးဖြင့် ရောက်ရှိလာသော နိုင်ငံခြားသားများ သိရှိလိုက်နာ ရမည့် စည်းကမ်းများ၊ နိုင်ငံခြားသားများ လာရောက် တည်းခိုသော ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ တာဝန်ခံများ ဆောင်ရွက်ရန်အချက်များ၊ နိုင်ငံခြား သား ဧည့်သည်များအတွက် ခရီးသွားလာမှုနှင့် ပတ်သက်၍ နယ်မြေဒေသသတ်မှတ်ချက်များ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လက်တလော ပြဋ္ဌာန်းချက်များအက်ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများအက်ဥပဒေများ၊ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေများ၊ ဗီဇာအမျိုးအစားများနှင့် ဗီဇာ စည်းကမ်းများအပြင် လဝကဌာနမှ နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်းသည်။
ထို့အတူ မူဆယ်မြို့နယ် လဝကဦးစီးအရာရှိ ဦးစန်းလွင်က Form-C တွင် ဧည့်သည်နိုင်ငံခြား သားများအား ဖြည့်သွင်းရမည့်အချက်အလက်များနှင့် စာရင်းသွင်းပုံအဆင့်ဆင့်တို့ကို ရှင်းလင်းသည်။ ဆက်လက်ပြီး လူကုန်ကူးမှုတားဆီးကာကွယ် နှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူး မင်းနိုင်နှင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ ရဲအုပ် စိုင်းစံမြင့်၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမျိုး နိုင်ဦးတို့က နိုင်ငံအတွင်း ဝင်ရောက်လည်ပတ်လာ သော ဧည့်သည်နိုင်ငံခြားသားများနှင့် ပတ်သက်၍ ကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို အသိ ပညာပေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံ အတွင်း ဝင်ရောက်လာမည့် ဧည့်သည်နိုင်ငံခြားသား များအား ကြီးကြပ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများနှင့် ဟိုတယ်/တည်းခိုခန်းလုပ်ငန်းပိုင်ရှင်များ၊ တာဝန်ခံများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြား ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)