
နေပြည်တော် မေ ၁၁
မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်ဒေသ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ စစ်ဆေးရေးစခန်းများတွင် မြန်မာအလိုအလျောက် ကုန်စည် ရှင်းလင်းရေးစနစ်ကို ဧပြီ ၁ ရက်မှ စတင်ဆောင်ရွက် လျက်ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်ရာ တွင် စာရွက်စာတမ်းအခြေခံသည့် Manual စနစ်သည် အချိန်ကြန့်ကြာ ခြင်း၊ ကုန်ကျစရိတ်များပြားခြင်း၊ ကုန်သွယ်မှုကိန်းဂဏန်းများ ယေဘုယျအားဖြင့် တိကျမှန်ကန်စွာရရှိနိုင်မှု ထိခိုက်စေနိုင်ခြင်းနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အဟန့်အတားဖြစ်ပေါ် စေနိုင်ခြင်းတို့ကြောင့် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်း ရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) ကို ပြောင်းလဲကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ်(Myanmar Automated Cargo Clearance System-MACCS) ကို သွင်းကုန်/ထုတ်ကုန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ ပိုမိုသွက်လက်မှန်ကန် မြန်ဆန်စေရန်၊ နိုင်ငံတကာ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဖြစ်စေရန်၊ အချိန်၊ ငွေကြေး သုံးစွဲရမှုများ လျော့ကျလာစေပြီး ကြိုတင်မျှော်မှန်းဆောင်ရွက်လာနိုင်စေရန်၊ နိုင်ငံတကာစံလုပ်ထုံး တစ်ခုဖြစ်သည့်Risk Management စနစ်အား နည်းလမ်းတကျ အသုံးပြုနိုင်ရန်ဟူသည့် ရည်မှန်းချက်များဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရန်ကုန်နှင့် သီလဝါဧရိယာတွင် စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
စနစ်အား အကောင်အထည်ဖော်ရာတွင် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ဂျပန်နိုင်ငံတွင် အသုံးပြု လျက်ရှိသည့် Nippon Automated Cargo Clearance and Port Consolidated System – NACCS ကို အခြေခံကာ မြန်မာနိုင်ငံ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လျော်ညီအောင်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
MACCS စနစ်အား ရန်ကုန်နှင့် သီလဝါဧရိယာတွင် အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပြီး နယ်စပ်ဒေသ ဖြစ်သည့် မြဝတီနယ်စပ်ဒေသတွင် ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက စတင်အသုံးပြုဆောင်ရွက်နိုင်ခဲ့ကာ ယခုအခါ မူဆယ်နှင့်ချင်းရွှေဟော်နယ်စပ်ဒေသ ကုန်သွယ်မှုလမ်းကြောင်းကို တိုးချဲ့ဆောင်ရွက် ခြင်းဖြစ်သည်။
MACCS စနစ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို MACCS ၏ website ဖြစ်သည့် www.maccs.gov.mm တွင် အသေးစိတ်ဖော်ပြထားသည်။
ရှိန်း