
မူဆယ် စက်တင်ဘာ ၄
တရုတ် - မြန်မာ ကုန်သွယ်စီးဆင်းမှု ပုံမှန်ပြန်လည် သယ်ယူပို့ဆောင်နိုင်ရေးအတွက်ရည်ရွယ်ပြီး နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန် နယ်မြေအတွင်း ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာကို သြဂုတ် ၁၆ ရက်က စတင်တည်ဆောက်ရာ စက်တင်ဘာလပထမပတ် တွင် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည်။
အဆိုပါ ကုသရေးစင်တာတွင် ကျန်းမာရေး စစ်ဆေးမှုများနှင့် ကုသမှုများကို စက်တင်ဘာ ၁၅ ရက်တွင် စတင်ဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှုအတွက် နယ်စပ်ဂိတ်အချို့ကို ပြန်လည်ဖွင့်ပေးနိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူ များ သဘောတူညီထားကြောင်း သိရသည်။
ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်-၁၉ ရောဂါကုသရေး စင်တာ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ သြဂုတ်လနောက်ဆုံးပတ်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံညွှန်ကြားရေးမှူး ဦးသိန်း ထွန်းဦး ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးနှင့် လူမှုရေး အသင်းအဖွဲ့များအား တွေ့ဆုံပြီး ၁၀၅ မိုင်ကုန်သွယ် ရေးဇုန် အဝင်အထွက်ဂိတ်များ အပါအဝင် နယ်စပ် ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ ကို ကြပ်မတ်ဆောင်ရွက်ရန်၊ ကိုဗစ်ပိုးတွေ့ရှိသူနှင့် ဆက်စပ်သူများကို ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်ရောဂါ ကုသရေးစင်တာသို့ အချိန်မီပို့ဆောင်ပေးနိုင်ရေးနှင့် လိုအပ်ချက်များအား ဆွေးနွေးညှိနှိုင်းသည်။
ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်စင်တာတည်ဆောက်ရေး နှင့်ပတ်သက်ပြီး “အဓိက ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံ ရွှေလီ၊ ကျယ်ဂေါင် ဆက်ဆံနေတဲ့ မူဆယ်၊ မိုင်းယုဒေသ ကိုဗစ်ကင်းစင်နယ်မြေဖြစ်ဖို့အတွက်နဲ့ နှစ်နိုင်ငံ ကိုဗစ်ကင်းစင်နယ်မြေဖြစ်ပြီ ဆိုရင် နှစ်နိုင်ငံ ကုန်သွယ်ရေးကို လွတ်လပ်စွာ သယ်ယူပို့ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် အခုလို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”ဟု စီမံကိန်းမန်နေဂျာ ဦးမျိုးအောင်က ပြောသည်။
အဆိုပါ ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်-၁၉ ကုသရေး စင်တာတွင် အဆောင်လေးဆောင်ပါဝင်ပြီး တစ်ဆောင် လျှင် လူနာ ၂၅၀ ထားရှိရန် ဆရာဝန် သုံးဦး၊ သူနာပြု ဆရာ ဆရာမနှင့် ကြက်ခြေနီစေတနာ့လုပ်အားရှင် ၁၅ ဦး၊ ချက်ပြုတ်ရေးအပိုင်းနှင့် သန့်ရှင်ရေး စုစုပေါင်းအလုပ်သမား ၄၀ တာဝန်ထမ်းဆောင် မည်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင် များမှ လုံခြုံရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင် (မူဆယ်)