မူဆယ်မြို့၌ တအာင်း(ပလောင်)နှစ်သစ်ကူးပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာကျင်းပ

 

မူဆယ်   ဒီဇင်ဘာ  ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)  မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်ကျေးရွာ အောင်သီရိမင်္ဂလာသုခဘုန်းတော် ကြီးကျောင်းဝင်းအတွင်း၌ တအောင်း (ပလောင်)နှစ်သစ်ကူးပွဲတော်ကြီးကို  ဒီဇင်ဘာ ၁၉ ရက် ညပိုင်း က  စည်ကားသိုက်မြိုက်စွာကျင်းပပြီး မူဆယ်ခရိုင်/မြို့နယ်အဆင့်   ဌာနဆိုင်ရာများ၊ ရပ်နီးရပ်ဝေးမှ တအာင်း(ပလောင်)  တိုင်းရင်းသားများ၊ စာပေ ယဉ်ကျေးမှုအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့နှင့်မီးသတ် တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက် သည်။
မွန်းလွဲပိုင်းတွင် အောင်သီရိမင်္ဂလာသုခကျောင်း မုခ်ဦး၌ ကျေးရွာအသီးသီးမှ ပွဲတော်လာရောက်သည့် စည်တော်ကြီးများနှင့်  အိုးစည်ဗုံမောင်းများကို သက်ဆိုင်ရာ တအာင်း(ပလောင်) စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ ကျေးရွာသူ ကျေးရွာသားများက ကန်တော့ ပွဲများဖြင့် ကြိုဆိုခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ စင်မြင့် ပေါ်၌ တအာင်း(ပလောင်)အဆိုတော်များက သီချင်း များ သံပြိုင်တီးဆို၍ လူကြီးများက အရိုအသေပြုကြ သည်။ ညပိုင်းတွင် ရိုးရာသီချင်းများ၊ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့်ဖျော်ဖြေခဲ့ပြီး ည ၁၂ နာရီတိတိ တွင် အောင်သီရိမင်္ဂလာသုခကျောင်းတိုက်   ဦးစီး ပဓာန နာယကဆရာတော် ဘဒ္ဒန္တကေသရ (သာသန ဓဇဓမ္မာစရိယ၊ သဒ္ဓမ္မဇောတိကဓဇ) မိုင်းယုကျေးရွာ အုပ်စုသံဃနာယကဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာတအာင်း(ပလောင်)သံဃာတော်အဖွဲ့(ဗဟို) ဒုတိယ ဥက္ကဋ္ဌအရှင်သူမြတ်က နှစ်သစ်မင်္ဂလာစကားပြောကြား ခဲ့ပြီး   နှစ်ကူးပွဲတော်ကြီးကို    တအာင်းအလံများ လွှင့်ထူ၍ မီးရှူးမီးပန်းများ၊ ဗြောက်အိုးများဖောက်ကာ တအာင်းတေးသီချင်းများ ရိုးရာအကများဖြင့် ပျော်ရွှင် ကြည်နူးစွာကြိုဆိုခဲ့ကြသည်။
မြန်မာနိုင်ငံတအာင်းစာပေနှင့်ယဉ်ကျေးမူဗဟိုကော်မတီမှပေးပို့လာသောနှစ်သစ်မင်္ဂလာသဝဏ်လွှာကို ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ  ဦးမိုင်းလှရွှေက ဖတ်ကြားပေးခဲ့ပြီး မူဆယ်ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူးနှင့် ယာယီနည်းဗျူဟာမှူး၊ မြို့နယ်တအာင်း(ပလောင်)အမျိုးသားပါတီဥက္ကဋ္ဌတို့က အသီးသီးနှစ်သစ်မင်္ဂလာ စကားများပြောကြားခဲ့ပြီး မိုင်းယု (၁၀၅)မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဆိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့သည်။
လာမယ့်နှစ်တွေမှာ စည်စည်ကားကားလုပ်နိုင်ပါစေ
တအာင်းစာပေနှင့်  ယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ    ဦးမိုင်းလှရွှေက    “ကိုဗစ်ရောဂါ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ပွဲတော်ကိုအကျဉ်းချုံးပဲလုပ်ခဲ့တာဖြစ်ပါတယ်။ လူမျိုးတိုင်း ကိုယ့်လူမျိုးရဲ့   ဓလေ့ထုံးစံဆိုတာ  ရှိကြပါတယ်။ ယနေ့ဖတ်ကြားခဲ့တဲ့သဝဏ်လွှာထဲမှာလည်း  ပါပါ တယ်။ တအာင်းနှစ်သစ်ကူးပွဲတော်ကို အခုမှ ကျင်းပ ခဲ့တာမဟုတ်ပါဘူး။ ရှေးအဘိုးအဘွားများ  အစဉ် အလာမပျက် ကျင်းပခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်တွေက ကိုဗစ်ရောဂါအခြေအနေကြောင့် ပွဲတော်ကို  စည်စည် ကားကား  မကျင်းပနိုင်ခဲ့သလို  အခုနှစ်မှာလည်း နှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုံးပဲ လုပ်နိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ ရိုးရာပွဲတွေကို စည်စည်ကားကား လုပ်နိုင်ကြပါစေလို့  ဆုတောင်းပါတယ်” ဟု   ပြော သည်။
အဆိုပါ တအာင်းနှစ်သစ်ကူးပွဲတော်ကို မူဆယ် ခရိုင်/မြို့နယ်အဆင့်ရှိ    ဌာနဆိုင်ရာများ၊   မူဆယ် မြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  ပြည်သူ့ စစ်အဖွဲ့ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တအာင်းစာပေနှင့် ယဉ်ကျေးမူအဖွဲ့များ၊ ရပ်နီးရပ်ဝေး မှ တအာင်း(ပလောင်)   တိုင်းရင်းသားများ၊ ဒေသခံ တိုင်းရင်းသားညီကိုယ်မောင်နှမများ  တက်ရောက် ခဲ့ကြသည်။
 

သန့်ဇင် 
(မြန်မာ့အလင်း)