
မူဆယ် စက်တင်ဘာ ၁၅
မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု အဓိက လုပ်နေတဲ့ မူဆယ်နယ်စပ်ဒေသ ကျင်စန်းကျော့ ဂိတ်ကို တရုတ်ဘက်က ပြီးခဲ့သည့် ဇူလိုင်လဒုတိယ ပတ်က ကိုဗစ်-၁၉ အကြောင်းပြချက်ဖြင့် ပိတ်ထား ခဲ့ရာ လက်ရှိအနေအထားအရ နှစ်လနီးပါးခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။
‘‘ကျင်စန်းကျော့ဂိတ် ပိတ်လိုက်ပြီဆိုတဲ့နေ့က စပြီး မြန်မာဘက်ပို့ကုန်ယာဉ်တွေ တရုတ်ထဲကို ဝင်တာမတွေ့ရပေမယ့် တရုတ်ဘက်ကတော့ ကိုဗစ် နဲ့ပတ်သက်တဲ့ ကျန်းမာရေးအသုံးအဆောင်ပစ္စည်း၊ အောက်ဆီဂျင်အိုးတွေနဲ့ အသီးအနှံကားတွေတော့ တစ်ပတ်မှာသုံးရက်လောက် မြန်မာဘက်ကို အခုထိ တင်သွင်းနေပါတယ်။ (၁၀၅) မိုင်မှာ တည်ဆောက် နေတဲ့ ခုတင်(၁၀၀၀)ဆံ့ ကိုဗစ်ရောဂါ ကုသရေး စင်တာကြီး ဖွင့်လှစ်နိုင်တဲ့အချိန်မှစပြီး ကျင်စန်း ကျော့ဂိတ်ကိုပြန်ဖွင့်ကာ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပုံမှန်ပြန်ဖြစ်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ လည်း ကြားနေရတယ်။ တရုတ်ဘက်က ကိုဗစ်ရောဂါ အကြောင်းပြချက်နဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ထား တာဖြစ်တဲ့အတွက် ဒီဂိတ်တွေပြန်ဖွင့်ပေးဖို့နဲ့ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု ပုံမှန်ပြန်ဖြစ်ဖို့ဆိုတာ အဓိက ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေ ပေါ် မူတည်နိုင်တယ်’’ဟု ရှန်တိန်ယာဉ်မောင်း တစ်ဦးက ပြောသည်။
သုံးရက်ခြားပုံမှန်တင်သွင်း
တရုတ်-မြန်မာနယ်စပ် မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်သို့ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ် လိုက်သည့်အချိန်ကစ၍ နှစ်နိုင်ငံဘက်မှ ကုန်တင် ယာဉ်များ အဝင်အထွက် သိသိသာသာလျော့နည်းခဲ့ပြီး နောက် ကုန်သွယ်ရေးဇုန်ကို မှီတင်းလုပ်ကိုင်စားသောက် ကြသူအားလုံး အခက်အခဲအမျိုးမျိုးရင်ဆိုင်နေရ သည်။ ခုတင် (၁၀၀၀) ဆံ့ ကိုဗစ်စင်တာကြီးလည်း စက်တင်ဘာလ နောက်ဆုံးပတ်လောက်မှာ ၁၀၀ ရာခိုင်နှုန်း ပြီးမြောက်နိုင်ခြေရှိသည့်အတွက် ကိုဗစ် ရောဂါစမ်းသပ်စစ်ဆေးမှုနှင့့် ကုသရေးအပိုင်းများ ကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်မှုအနေဖြင့် တရုတ်ဘက်မှ ကျင်စန်းကျော့ ဂိတ်ပေါက်ကို ပြန်လည်ဖွင့်ပေးနိုင်ခြေမရှိသေးသည့် အတွက် ဆက်လက်ရပ်တန့်နိုင်သေးကြောင်း သိရ သည်။ နယ်စပ်ဂိတ်များ ပိတ်လိုက်သည့်အချိန်မှစ၍ တရုတ်ဘက်က မြန်မာဘက်သို့ အောက်ဆီဂျင်အိုး များနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများကိုသာ ကျင်စန်းကျော့ဂိတ်ကနေ သုံးရက်ခြား ပုံမှန် တင်သွင်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျင်စန်းကျော့ဂိတ်မပိတ်ခင် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ရောက်ရှိထားသည့် ပို့ကုန်ပစ္စည်း များအနေဖြင့် မူဆယ်မြို့ရှိ ဂိုဒေါင်နှင့်ပွဲရုံများ၌ လည်းကောင်း၊ ကုန်သွယ်ရေးဇုန်နယ်မြေအတွင်းရှိ ဂိုဒေါင်နှင့်ပွဲရုံ၊ ကုမ္ပဏီများတွင်လည်းကောင်း အသီးသီးချထားသည့် ကုန်ပစ္စည်းများအနက် ငါးလေးခြောက်အိတ်များကို ကုန်တင်ကုန်ချ အလုပ် သမားများက ဖွင့်ဖောက်စစ်ဆေးကာ အိတ်လှယ် ပေးခြင်း၊ အိတ်ပြန်ချုပ်ပေးခြင်းများ နေ့စဉ် လုပ်ဆောင်ပေးကြရပြီး အချို့ ပဲအမျိုးမျိုးကို အောက်ဘက်ပြန်လည် သယ်ယူပို့ဆောင်နိုင်ရန် အတွက်လည်း လိုအပ်သလို ကူညီဆောင်ရွက် ပေးကြရသည်။
မျှော်လင့်စောင့်ဆိုင်း
မူဆယ်နယ်စပ်ဂိတ်များပြန်ဖွင့်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပုံမှန်ပြန်ဖြစ်စေနိုင်ရေးအတွက် ကုန်သွယ် ရေးဇုန်ကို အမှီပြုလုပ်ကိုင်ကြသည့် ကုန်သည်များ အပါအဝင် ကုမ္ပဏီများနှင့် ပွဲရုံပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အေးဂျင့်များ၊ ကုန်တင်ကုန်ချအလုပ် သမားများ၊ စျေးရောင်းစားကြသူများ၊ ဒေသခံ ကုန်ကားဆရာနှင့် ယာဉ်နောက်လိုက်များအားလုံး က မျှော်လင့်လျက်ရှိနေကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)