မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့

မုတ်သုံ

 

သစ်တောမောင်

ယခုနှစ်ကုန်ပိုင်း (အောက်တိုဘာလမှ ဖေဖော်ဝါရီလ) တွင် အလွန်အားကောင်းသော စူပါအယ်လ်နီညို (El Niño) အဆင့်ထိ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားပြီး အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါက ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အပူဆုံးနှစ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံတွင် လက်ရှိနှစ်များအတွင်း အပူချိန်တိုးလာခြင်း၊ ပူပြင်းခြောက်သွေ့လာခြင်းနှင့် အယ်လ်နီညို (El Niño) ဖြစ်စဉ်များ၏ သက်ရောက်မှုများက ပိုမိုထင်ရှားလာလျက်ရှိသည်။ အထူးသဖြင့် ချောက်၊ မင်းဘူး၊ မြင်းမူ၊ ညောင်ဦး အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများတွင် အပူချိန်မြင့်မားမှုဒဏ်ကို ပိုမိုခံစားကြရသည်။ အပူပိုင်းဒေသ ၁၃ ခရိုင်သည် မူလကပင် မိုးနည်းပြီး ခြောက်သွေ့သော ဒေသများဖြစ်သဖြင့် ကမ္ဘာ့ရာသီ ဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုတို့ ပေါင်းစပ်သက်ရောက်လာပါက မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ တောမီးလောင်ကျွမ်းခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။ ထို့ကြောင့် ပူပြင်းခြောက်သွေ့မှုဒဏ်ကို ကာကွယ်နိုင်ရန် နည်းလမ်းစုံဖြင့် ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်သည်။

အနောက်တောင်မုတ်သုံလေ

အနောက်တောင်မုတ်သုံလေသည် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်ဘက်မှ စိုထိုင်းသောလေထုများကို သယ်ဆောင်လာသော မိုးရာသီလေဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများတွင် မိုးရွာသွန်းမှု၏ အဓိကအရင်းအမြစ်ဖြစ်ပါသည်။ အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ၏ နှစ်စဉ်မိုးရေချိန် အများစုကို သယ်ဆောင်လာပြီး နိုင်ငံတစ်ဝန်း မိုးများစွာရွာသွန်းစေပါသည်။

မြေသားကို စိုစွတ်စေကာ သစ်ပင်များ ရှင်သန်ကြီးထွားရန် အကောင်းဆုံးအခြေအနေကို ဖန်တီး ပေးပါသည်။ ပတ်ဝန်းကျင်ကိုလည်း စိမ်းလန်းစိုပြည်စေပါသည်။ ယင်းမုတ်သုံလေသည် နှစ်စဉ် မေလခန့်မှ စက်တင်ဘာလအထိ တိုက်ခတ်လေ့ရှိပြီး စိုက်ပျိုးရေး၊ သစ်တောနှင့် ရေသယံဇာတများအတွက် အလွန်အရေးပါပါသည်။

သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်

အနောက်တောင်မုတ်သုံလေကြောင့် မိုးရွာသွန်းလာသောအခါ မြေဆီလွှာသည် စိုစွတ်ပျော့ပျောင်းလာပြီး သစ်ပင်ပျိုးပင်များ၏အမြစ်များ လွယ်ကူစွာ ထိုးဖောက်ကြီးထွားနိုင်ပါသည်။ မုတ်သုံမိုးနှင့်အတူ သစ်ပင်များ အချိန်ကိုက်စိုက်ပျိုးနိုင်ခြင်းကြောင့် မိုးရေမှသဘာဝအတိုင်းရေရရှိပြီး အစိုဓာတ်ရရှိသဖြင့် ပျိုးပင်၊ စိုက်ပင်များ ရှင်သန်နှုန်းလည်း မြင့်မားပါသည်။ ရေသွင်း၊ ရေလောင်းစရိတ်သက်သာခြင်း၊ မြေဆီလွှာတိုက်စားမှု လျော့နည်းခြင်း၊ သဘာဝ အပူချိန် လျော့ကျစေခြင်း၊ အပင်ကြီးထွားနှုန်း ကောင်းမွန်ခြင်း၊ အစိမ်းရောင်ဖုံးလွှမ်းမှု တိုးတက် လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။ ထို့ကြောင့် မုတ်သုံရာသီကို “သစ်ပင်စိုက်ပျိုးရေး ရာသီ”ဟု ခေါ်ကြပါသည်။

ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု၊ အပူချိန်မြင့်တက်လာမှု၊ ရေရှားပါးမှု၊ မြေဆီလွှာပျက်စီးမှု နှင့် သဘာဝဘေးအန္တရာယ်များ ပိုမိုများပြားလာနေသည့်အချိန်တွင် သစ်ပင်စိုက်ပျိုးခြင်းသည် အနာဂတ်အတွက် အရေးကြီးသည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်လာပါသည်။ မြန်မာ့ရိုးရာ စကားပုံ တစ်ခုတွင် “မြေဆီစိုခိုက် သစ်ပင်စိုက်” ဟု ဆိုရိုးရှိသည်။

မုတ်သုံမိုးရွာသွန်းချိန်သည်ကား မြေဆီလွှာများရေဓာတ်ပြည့်ဝပြီး အပင်ငယ်များ အမြစ်တွယ်ရန်၊ ရှင်သန်ကြီးထွားရန် အကောင်းဆုံးနှင့် အသင့်တော်ဆုံးအချိန်အခါသမယဖြစ်ပါသည်။ မုတ်သုံမိုးနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝနှင့်ကိုက်ညီသည့် အကောင်းဆုံးလုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေစိမ်းလန်းစိုပြည်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များ တည်ငြိမ်စေရန် မုတ်သုံမိုးနှင့်အတူ သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တစ်ခဲနက်ဆောင်ရွက်ကြရမည့်အချိန်ပင် ဖြစ်ပါသည်။

သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ

ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ။ သစ်ပင်များသည် လေထုအတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး အောက်ဆီဂျင်ထုတ်ပေးသဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချပေးနိုင်ပါသည်။ သစ်တောများသည် သဘာဝကာဗွန်သိုလှောင်ကန် (Carbon Sink)များဖြစ်ပြီး ရာသီဥတုမျှတတည်ငြိမ်ရေးအတွက် အရေးပါသည်။ သစ်ပင်၊ သစ်တောများသည် ကမ္ဘာပေါ်ရှိ ကုန်းသတ္တဝါ များ၊ တောရိုင်းတိရစ္ဆာန်များ၊ ငှက်နှင့် အင်းဆက်ပိုးမွှားများ အပါအဝင် မျိုးစိတ်ပေါင်း ၈၀ ရာခိုင်နှုန်းကျော်၏ မှီတင်းနေထိုင်ရာ အိမ်ဂေဟာ ဖြစ်ပါသည်။ သစ်တောများကို ထိန်းသိမ်းခြင်းဖြင့် မျိုးသုဉ်းလုနီးပါး သားငှက်တိရစ္ဆာန်များကို ကာကွယ်ပေးနိုင်ပါသည်။

ရေအရင်းအမြစ် ထိန်းသိမ်းခြင်းဆိုင်ရာ အကျိုးကျေးဇူးများ။ သစ်ပင်၊ သစ်တောများသည် မိုးရေကို ဖမ်းယူစုပ်ယူထားပြီး မြေအောက်ရေလွှာကို ပြန်လည်ဖြည့်တင်းပေးကာ မြစ်၊ ချောင်း၊ အိုင်၊ သောက်ရေတွင်းများသို့ တစ်နှစ်ပတ်လုံး ရေကြည်ရေသန့် စီးဆင်းစေရန် ထိန်းညှိပေးသည်။ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေစီးဆင်းမှုနှုန်းကို လျှော့ချပေးနိုင်သဖြင့် ရုတ်တရက်ရေကြီးခြင်း (Flash Floods) ကို ကာကွယ်ပေးသကဲ့သို့ ခြောက်သွေ့ရာသီတွင်လည်း ရေငွေ့ပြန်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို စိုစွတ်စေပြီး မိုးခေါင်ရေရှားမှုကို သက်သာစေပါသည်။ သစ်ပင်များ၏ အမြစ်စနစ်သည် မြေဆီလွှာကို မြဲမြံစွာစွဲကိုင်ထားပြီး မိုးရေကြောင့် မြေသားပြုန်းတီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ တောင်ပြိုခြင်းနှင့် မြစ်ချောင်းများ သဲနုန်းတင်ခြင်း၊ မြေဆီလွှာ တိုက်စားမှုများကို တိုက်ရိုက်ကာကွယ်ပေးပါသည်။ ထို့ပြင် မြေအောက်ရေ ပြန်လည်ဖြည့်တင်းနိုင်ရန်လည်း အထောက်အကူပြုပါသည်။

လူမှုစီးပွားဆိုင်ရာ အကျိုးကျေးဇူးများ။ ကမ္ဘာတစ်ဝန်းရှိ လူဦးရေသန်းပေါင်းများစွာသည် သစ်တော ကဏ္ဍအပေါ်တွင်မှီခိုပြီး အသက်မွေးနေကြရသည်။ နေအိမ်ဆောက်လုပ်ရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးတို့အတွက် လိုအပ်သော သစ်၊ ဝါး၊ ကြိမ်တို့အပြင် နေ့စဉ်ချက်ပြုတ်ရန် ထင်း၊ မီးသွေးနှင့် အဖိုးတန် သစ်တောထွက်ပစ္စည်းများကို ပံ့ပိုးပေးပါသည်။ သစ်တောများမှ ရိုးရာတိုင်းရင်းဆေးများအတွက် ဆေးဖက်ဝင်အပင်များ၊ သဘာဝမှို၊ မျှစ်၊ သစ်သီးဝလံများ၊ ငှက်သိုက်နှင့် ပျားရည်ကဲ့သို့သော အာဟာရ ဓာတ်ပြည့်ဝသည့် အစားအစာများကို ပံ့ပိုးပေးပါသည်။

ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများ။ သစ်ပင်များသည် လေထုထဲရှိ ဖုန်မှုန့်များ၊ မီးခိုးငွေ့များနှင့် နိုက်ထရိုဂျင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်ကဲ့သို့သော အဆိပ်ငွေ့များကို စုပ်ယူဖယ်ရှားပေးပြီး သန့်ရှင်းသောအောက်ဆီဂျင်ကို ထုတ်လုပ်ပေးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို လျှော့ချပေးသည်။ သစ်ပင်များသည် အရိပ်ရစေခြင်း၊ လေကောင်းလေသန့်ရရှိစေခြင်း၊ အပူချိန်လျှော့ချပေးခြင်းနှင့် မြို့ပြအလှတရားကို တိုးတက်စေပါသည်။

သစ်တောများနှင့် စိမ်းလန်းသော ပတ်ဝန်းကျင်သည် လူသားတို့၏ စိတ်ဖိစီးမှု၊ သွေးတိုးရောဂါနှင့် စိုးရိမ်ပူပန်မှုများကို သိသိသာသာလျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစွမ်းနိုင်ကြောင်း ဆေးပညာအရ သက်သေပြထားသည်။ သစ်ပင်ကြီးများ ထူထူထပ်ထပ်ရှိသည့် နေရာများသည် သစ်ပင် မရှိသည့် မြို့ပြကွန်ကရစ်နေရာများထက် အပူချိန် ၂ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီ စင်တီဂရိတ်အထိ ပိုမိုအေးမြပါသည်။

အိမ်ခြံဝင်းအတွင်းနှင့် ကျေးရွာ၊ ရပ်ကွက်များတွင် သစ်ပင်များ စိုက်ပျိုးထားခြင်းဖြင့် သက်ကြီးရွယ်အိုများ အပူဒဏ်ရှောင်ရှားနားခိုနိုင်ပြီး အေးမြသည့် လေကောင်းလေသန့်ကိုရရှိကာ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာပါ ဘေးကင်းလုံခြုံမှုကို ရရှိစေပါသည်။ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ထာဝရကုသိုလ်ပြုခြင်းဖြစ်ပြီး ဇရပ်၊ တန်ဆောင်း၊ ဂူကျောင်း၊ ပြာသာဒ်နှင့် အခြားထာဝရ ကုသိုလ်များကဲ့သို့ တူညီသောကုသိုလ်ကို ရရှိခံစားနိုင်ကာ အသက်ရှည်ကျန်းမာ ကုသိုလ်အကျိုးထူးတို့ကိုလည်း ရရှိနိုင်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံး စိမ်းလန်းစေဖို့

၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာမှုများအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း (ဧရိယာဧက ၇၀ ဒသမ ၄၇ သန်း) ရှိသည်။ လက်ရှိနှင့် အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးအတွက် သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေး၊ ရာသီဥတုမျှတကောင်းမွန်ရေး၊ ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားလာစေရေးအတွက် သစ်တောဖုံးလွှမ်းမှုကို နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိတိုးလာစေရန် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သဘာဝတောများကို စနစ်တကျ စီမံအုပ်ချုပ်နေသကဲ့သို့ တောနိမ့်၊ တောကျဲပါးသော နေရာများတွင်လည်း သစ်တောစိုက်ခင်းအမျိုးမျိုးကို အရှိန်အဟုန်မြှင့်တင် တည်ထောင်စိုက်ပျိုးလျက်ရှိသည်။

သစ်တောဦးစီးဌာန အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့အနေဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီအတွင်း သစ်တောစိုက်ခင်းမျိုးစုံ ဧရိယာဧက ၃၀၃၃၉ ဧက၊ အပင်ပေါင်း ၂၁ ဒသမ ၃၆ သန်းကို လျာထားစိုက်ပျိုးလျက်ရှိပါသည်။ အပူပိုင်းဒေသ ၁၃ ခရိုင်နှင့် နွေရာသီတွင် အပူချိန် မြင့်မားခဲ့သည့် မြို့နယ်များအပါအဝင် သစ်ပင်များ စိုက်ပျိုးရန် အထူးလိုအပ်လျက်ရှိသော မြို့နယ်များ၊ နေရာဒေသများတွင် အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းနှင့် နိုင်ငံတော်ပိုင် သစ်တောစိုက်ခင်းဧရိယာ ဧက ၁၇၇၃၉ ဧက၊ အပင်ပေါင်း ၉ ဒသမ ၇၄ သန်း လျာထားစိုက်ပျိုးလျက်ရှိသည်။ အာဆီယံလမ်းမ ကြီး၊ ပြည်ထောင်စုလမ်းမကြီး၊ အမြန်လမ်းမကြီးများ၊ ခရိုင်ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက် လမ်းများနှင့် ရထားလမ်းဘေးဝဲယာတို့တွင်လည်း အရိပ်ရပြီးစိမ်းလန်းစိုပြည်စေရန် အပင်ပေါင်း ၄၀၃၃၄၈ ပင် လျာထားစိုက်ပျိုးလျက်ရှိပါသည်။

သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများ သစ်တောသစ်ပင်ထိန်းသိမ်းရေး အသိစိတ်ဓာတ်များ ပိုမိုမြင့်မားလာစေရေးနှင့် မိုးရာသီသစ်ပင် စိုက်ပျိုးခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင် လာစေရန်အတွက် ကျန်းမာကြံ့ခိုင်သည့် နှစ်နှစ်သား၊ အမြင့်နှစ်ပေအထက် ပျိုးပင်များကို အခမဲ့ဖြန့်ဖြူး ပေးလျက်ရှိရာ ယခုနှစ်တွင် ပျိုးပင် ၇ ဒသမ ၈၁ သန်းကျော် လျာထားဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အားပေးကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ယခုနှစ် မိုးလရာသီ သစ်ပင်စိုက်ပျိုးပွဲတော် များကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စုစုပေါင်း ၃၀၆ ကြိမ်၊ ပျိုးပင်ပေါင်း ၂၅၁၃၄၀ လျာထားစိုက်ပျိုးလျက်ရှိပါသည်။

ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်း

သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက်သာမက ပြည်သူများ၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် လူသားတို့၏ အနာဂတ်ကို ကာကွယ်ခြင်းလည်း ဖြစ်ပါသည်။ သစ်တောများသည် ပြည်သူလူထု၏ နေ့စဉ်ဘဝ၊ အသက်မွေးဝမ်းကျောင်းမှု၊ ရေနှင့် စားရေရိက္ခာ ဖူလုံရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးဆုံး အချက်တစ်ရပ်ဖြစ်သည်။ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီမှစတင်ပြီး သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများတွင် အောက်ပါအတိုင်း ပူးပေါင်းပါဝင်နိုင်ပါသည်-ကျောင်းသား ကျောင်းသူများ သစ်ပင်စိုက်ပျိုးခြင်း။ ကျောင်းဖွင့်ရာသီ မုတ်သုံမိုးဦးကာလတွင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၌ “သစ်ပင် စိုက်ပျိုးပွဲများ” ကျင်းပကာ ကျောင်းသား ကျောင်း သူများက မိမိတို့စိုက်ပျိုးသောအပင်ကို မိမိတို့ကိုယ်တိုင် ရှင်သန်အောင် ပြုစုပျိုးထောင်သည့် အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျောင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး အရိပ်ရအပင် များ၊ စားပင်သီးပင်များ၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းများ ဆောင်ရွက်နိုင်ပါသည်။

မိသားစုအလိုက် သစ်ပင်စိုက်ပျိုးခြင်း။ မိမိတို့၏ မွေးနေ့အထိမ်းအမှတ်၊ မင်္ဂလာအထိမ်းအမှတ်၊ သားသမီးရတနာထွန်းကားသည့် အထိမ်းအမှတ် စသည်ဖြင့် အထိမ်းအမှတ်နေ့များတွင် သစ်ပင်များ စိုက်ပျိုးခြင်းကို ဆောင်ရွက်နိုင်သည်။ ထို့အပြင် အိမ်ထောင်စုအလိုက် မိမိတို့၏ အိမ်၊ ခြံဝင်းနှင့် လယ်၊ ယာကန်သင်းများတွင် စားပင်၊ သီးပင်၊ အရိပ်ရ အပင်များ၊ လေကာတန်းပင်များ၊ တစ်အုပ်တစ်မ စိုက်ခင်းများ၊ သီးနှံသစ်တောရောနှောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း ဆောင်ရွက်နိုင်ပါသည်။ ကျေးရွာလူထုဖြင့် သစ်ပင်စိုက်ပျိုးခြင်း။ ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ခြင်း၊ ကျေးရွာလမ်း၊ ကျေးရွာချင်းဆက်နှင့် ခရိုင်ချင်းဆက်လမ်းဘေးဝဲယာများတွင် အရိပ်ရ အမြဲစိမ်း သစ်ပင်များစိုက်ပျိုးခြင်း၊ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးခန်း၊ ကျေးရွာပိုင်မြေကွက်လပ်များတွင် အရိပ်ရအပင်များ စိုက်ပျိုးခြင်း၊ ကျေးရွာအနီး သစ်တောကျဲပါးသော တောင်ကုန်း၊ တောင်ထိပ် များတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော စိုက်ခင်းများ၊ စမ်းချောင်းများ၊ ရေကန်များပတ်လည် နှင့် သဘာဝရေထွက်များတွင် ရေဝေရေလဲထိန်းသိမ်းရေးအတွက် သစ်ပင်များစိုက်ပျိုးခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။

မြို့ပြသစ်တောများ တည်ထောင်ခြင်း။ ရပ်ကွက်၊ မြို့ပြလမ်းဘေးဝဲယာများတွင် အရိပ်ရအမြဲစိမ်း သစ်ပင်များ၊ သင်းရနံ့မွှေးပျံ့သော အပင်များ၊ ရာသီအလိုက် ရောင်စုံဖူးပွင့်သောအပင်များ စိုက်ပျိုးခြင်း၊ မြို့ပြသစ်တောများ (Urban Forest) နှင့် ဥယျာဉ်ငယ်များ၊ ပန်းခြံများ၊ အစိမ်းရောင်လွင်ပြင်များ ဖန်တီး တည်ထောင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

လူမှုရေးအသင်းအဖွဲ့များနှင့် ကုမ္ပဏီများ၏ လူမှုအကျိုးပြုလုပ်ငန်းများ။ ပရဟိတအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကုမ္ပဏီများက မိမိတို့၏လူမှုအကျိုးပြုလုပ်ငန်း (Corporate Social Responsibility - CSR) တစ်စိတ်တစ်ပိုင်းအဖြစ် သစ်ပင်စိုက်ပျိုးပွဲများ စုပေါင်းဆင်နွှဲခြင်း၊ ဂေဟစနစ်ပြန်လည်တည်ထောင် ရေးစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။

အသိပညာပေးရေး လှုပ်ရှားမှုများ။ လူငယ်များအနေဖြင့်လည်း သဘာဝထိန်းသိမ်းရေးတွင် အရေးပါသော အင်အားစုများဖြစ်ကြသဖြင့် သစ်ပင်စိုက်ပျိုးရေး ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်သကဲ့သို့ ဆိုရှယ်မီဒီယာများမှတစ်ဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေး အသိပညာပေးရေးလှုပ်ရှားမှုများ၊ အစိမ်းရောင်လှုပ်ရှားမှုများအဖြစ် ပြည်သူလူထု ပိုမိုပူးပေါင်း ပါဝင်လာစေရန် လှုံ့ဆော်စည်းရုံး ဆောင်ရွက်နိုင်ပါသည်။

မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့

မိုးရာသီသစ်ပင်များ စိုက်ပျိုးရာတွင် “တစ်ပင် စိုက်၊ တစ်ပင်ရှင်သန်စေရေး” အတွက် စိုက်ပျိုးသည့် ရည်ရွယ်ချက်၊ စိုက်ပျိုးမည့်နေရာဒေသ၊ ရေ၊မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော ဒေသမျိုးရင်း သစ်မျိုးများကို အလေးထားရွေးချယ်ပြီး နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးကြရမည်ဖြစ်သည်။ ဥပမာ ပူပြင်းခြောက်သွေ့မှုဒဏ်ခံနိုင်သော သစ်မျိုးများ၊ ကြီးမြန်အမြဲစိမ်းသစ်မျိုးများ၊ အရိပ်ကောင်းစွာ ပေးစွမ်းနိုင်သည့် အမြဲစိမ်းသစ်မျိုးများ၊ လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ် ခံနိုင်ရည်ရှိသော အပင်မျိုးများ၊ မြေဆီလွှာထိန်းသိမ်းနိုင်သည့် သစ်မျိုးများ၊ ရေရှည်တွင် မြို့ပြဖွံ့ဖြိုးမှုကို ထိခိုက်မှုမရှိစေနိုင်သည့် သစ်မျိုးများ၊ ရတနာတန်းဝင် အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်သောသစ်မျိုးများ၊ မျက်စိပသာဒဖြစ်စေမည့် သစ်မျိုးများ စသည်ဖြင့် စနစ်တကျ ရွေးချယ်ကာ စိုက်ပျိုးကြရပါသည်။

စိုက်ပျိုးမည့်မြေနေရာကို စနစ်တကျ မြေပြုပြင်ဆောင်ရွက်မှု၊ မြေအစိုဓာတ်လုံလောက်စွာရရှိမှု၊ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုတို့သည် အဓိကကျပါသည်။ ထို့အပြင် အောင်လုံသော သစ်စေ့များနှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်ပျိုးထောင်မှု၊ ပျိုးပင်များကြံ့ခိုင်သန်စွမ်းမှု၊ နေရာဒေသအပေါ်မူတည်၍ စိုက်မည့်ကျင်းအရွယ်အစား မှန်ကန်မှု၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်မှု၊ မြေဆီအာဟာရပြည့်ဝစေရန်အတွက် လိုအပ်သည့် သွင်းအားစုများ ထည့်သွင်းမှုတို့ကို အထူးအလေး ထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ စိုက်ပျိုးပြီး နောက်ပိုင်းတွင်လည်း ရာသီအလိုက် ပြုစုထိန်းသိမ်း ခြင်းလုပ်ငန်းများဖြစ်သည့် မြေဆွခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ မြေစိုဓာတ်ထိန်းသိမ်းခြင်း၊ ကျွဲ၊ နွား တိရစ္ဆာန်များ ဖျက်ဆီးခြင်းမရှိစေရန် ကာကွယ်ခြင်း စသည့်ပြုစုထိန်းသိမ်းမှု လုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ကြမှသာ စိုက်သမျှအပင်များကောင်းမွန်စွာ ရှင်သန်မည် ဖြစ်ပါသည်။ မကြာမီ မြန်မာနိုင်ငံတစ်ဝန်းလုံး အနောက်တောင်မုတ်သုံလေနှင့်အတူ မုတ်သုံမိုးတို့ မိုးဖြိုင်ဖြိုင် ရွာသွန်းတော့မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း စိမ်းလန်းစိုပြည်ဖို့ “မုတ်သုံမိုးနှင့်အတူ မြေဆီစိုခိုက် သစ်ပင်စိုက်ကြစို့” ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ။