မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်၊ မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်

 

နေပြည်တော်  နိုဝင်ဘာ  ၁၅
ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာ နိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၂၀ ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင် ၄၈၀ ခန့်၊ အိန္ဒိယနိုင်ငံ  ဗီဆာကာပတ္တနမ်မြို့၏ အရှေ့တောင် ဘက် ရေမိုင် ၂၄၀ ခန့်၊ ပါရာဒစ်မြို့၏တောင်ဘက် ရေမိုင် ၃၂၅ မိုင် ခန့်နှင့် ဒီဂါမြို့၏တောင်ဘက် ရေမိုင် ၄၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ   မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်သည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် မြောက်လတ္တီကျု ၁၄ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၆ ဒသမ ၂ ဒီဂရီတွင်ရှိပြီး  ဗဟိုချက်လေဖိအား ၁၀၀၆ ဟက်တိုပါစကယ် နှင့်   အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်    မိုင် ၃၀ နှုန်းခန့် ဖြစ်သည်။               
နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး (၁၆.၁၁.၂၀၂၃) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းလွန်တွင် အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ပိုမို အားကောင်းလာနိုင်ပါသည်။  
ထိုမှတစ်ဆင့်   မြောက်- အရှေ့ မြောက်ဘက်သို့ ပြန်ကွေ့ကာ (၁၇.၁၁.၂၀၂၃)  ရက်နေ့တွင်   ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း၊   ဩရိဿပြည်နယ်ကမ်းလွန်သို့   ရောက်ရှိနိုင်ပြီး (၁၈.၁၁.၂၀၂၃) ရက်နေ့တွင် ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်း ရသည်။
သတိပေးနှိုးဆော်ချက်
မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် (၁၇.၁၁.၂၀၂၃)ရက် နေ့မှ (၁၈.၁၁.၂၀၂၃)  ရက်နေ့အတွင်း   စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍  မိုးကြီးနိုင် သည်ဟု  ခန့်မှန်းရသည်။  သို့ဖြစ်ပါ၍   (၁၇.၁၁.၂၀၂၃)ရက်နေ့မှ (၁၈.၁၁.၂၀၂၃) ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  တစ်ခါတစ်ရံ  မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက် လေပြင်းများကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀မှ ၃၅မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  ခုနစ် ပေမှ ကိုးပေခန့်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍   မုန်တိုင်းငယ်(Depression)၏   အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့်  ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်      ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊  ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်သည်။        
မိုး/ဇလ