မုန်တိုင်းငယ် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁
ယနေ့ ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းတွင်  ဖြစ်ပေါ်နေသော   မုန်တိုင်းငယ်သည်  သိသိသာသာ  ရွေ့လျားခြင်းမရှိဘဲ  မြန်မာနိုင်ငံ  ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက်ရေမိုင်  ၇၆၀ မိုင်ခန့်၊  ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက်ရေမိုင် ၈၇၀ မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကို မာလီမြို့၏ အရှေ့-အရှေ့တောင်ဘက်ရေမိုင် ၆၀ မိုင်ခန့်နှင့် အိန္ဒိယ နိုင်ငံ ကာရိုင်ကယ်မြို့၏ တောင်-အရှေ့တောင်ဘက်ရေမိုင် ၂၁၅ မိုင် ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
မုန်တိုင်းငယ်၏   လက်ရှိအခြေအနေမှာ    မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့်  အခြေအနေမရှိပါသဖြင့်  အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
အဆိုပါ  မုန်တိုင်းငယ်သည်  မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ တွင်   မြောက်လတ္တီကျု  ၈  ဒသမ  ၀  ဒီဂရီနှင့်  အရှေ့လောင်ဂျီကျု ၈၂ ဒသမ ၀  ဒီဂရီတွင်ရှိပြီး  ဗဟိုချက် လေဖိအား ၁၀၀၄ ဟက်တို ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင် ၃၀ နှုန်း ခန့်ဖြစ်သည်။
အဆိုပါ  မုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး (၂-၂-၂၀၂၃) ရက်နေ့ နံနက်အစောပိုင်းတွင် သီရိလင်္ကာနိုင်ငံ ကမ်းခြေ ကို ဘတ်တီကာလိုရာမြို့နှင့် ထရီကိုမာလီမြို့တို့အကြားမှ ဖြတ်ကျော် နိုင်သည်ဟုခန့်မှန်းရသည်။           

          မိုး/ဇလ