
မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ
နေပြည်တော် ဒီဇင်ဘာ ၂၄
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၆၃၀ ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက်ရေမိုင် ၇၃၀ ခန့်၊ သီရိလင်္ကာနိုင်ငံ ထရီကိုမာလီမြို့၏ အရှေ့မြောက်ဘက် ရေမိုင် ၁၆၀ ခန့်၊ အိန္ဒိယနိုင်ငံ နာဂါပတ္တနမ်မြို့၏ အရှေ့ဘက်ရေမိုင် ၂၁၅ မိုင်ခန့်နှင့် ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်ရေမိုင် ၂၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်သည် ညနေ ၅ နာရီခွဲတွင် မြောက်လတ္တီကျု ၁၀ ဒသမ ၂ ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု ၈၃ ဒသမ ၄ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင် နှုန်းခန့် ဖြစ်သည်။
နောက် ၃၆ နာရီအတွင်းခန့်မှန်းချက်
မုန်တိုင်းငယ်သည် အနောက် - အနောက် တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် သီရိလင်္ကာနိုင်ငံကမ်းရိုး တန်းအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ သည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ နောက် ၄၈ နာရီအတွင်း နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ် နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ကိုးပေခန့် ရှိနိုင်သည်။
အကြံပြုချက်
မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင် ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ