မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်ရာ လူနေအိမ်ခြေအချို့ ပျက်စီး

 

ဘိုကလေး
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် မတ် ၂၂ ရက် ညနေ ၅ နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ချောင်းဗြဲ ကြီးကျေးရွာအုပ်စုမှ လူနေအိမ်နှစ်လုံးနှင့် အေရာကျေးရွာအုပ်စုမှ လူနေအိမ်လေးလုံး ပျက်စီးဆုံးရှုံးခဲ့သည်။
ပျက်စီးဆုံးရှုံးမှုများမှာ ချောင်းဗြဲကြီးကျေးရွာအုပ်စု ဇီးဖြူကျေးရွာ မှ  နေအိမ်နှစ်လုံးနှင့် အေရာကျေးရွာအုပ်စု အေရာကျေးရွာမှ နေအိမ် လေးလုံး စုစုပေါင်း ခြောက်လုံးပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါအိမ်များမှ မိသားစုဝင်များသည် ယခုအချိန်၌ ၎င်းတို့ကျေးရွာရှိ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများတွင် နေထိုင်လျက်ရှိသည်။
အဆိုပါ လေဘေးသင့်နေအိမ်များ အမြန်ပြန်လည်တည်ဆောက် နိုင်ရေး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာတာဝန်ခံများမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဘေးသင့်မိသားစုဝင်များအား ကူညီထောက်ပံ့ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)

 

ဒေးဒရဲ
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွင်  လေပြင်းတိုက်ခတ်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် မတ် ၂၂ ရက် နံနက် ၁၁နာရီခွဲက တိုး ကျေးရွာနှင့် ဆားကျင်းကျေးရွာတို့ရှိ ‌လူနေတဲအိမ်အချို့ အမိုးလန် ပျက်စီးခဲ့ ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် တိုးကျေးရွာအုပ်စု ပင်လယ်ကမ်းစပ် တစ်လျှောက်ရှိ လူနေတဲအိမ် နှစ်လုံး ပြိုကျပျက်စီးကာ  အခြားလူနေ တဲအိမ် ၁၂ လုံး အမိုးလန်ပျက်စီးခဲ့သည်။ အလားတူ  ဆားကျင်း ကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေတဲအိမ် ၁၅ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။                                          
အေဇာလင်း

 


ကျိုက်လတ်   
ဧရာဝတီတိုင်းဒေသကြီး  ကျိုက်လတ်မြို့နယ်  သမက်ပြေလေးကျေးရွာ တွင် မတ် ၂၂ ရက် ညနေ ၅ နာရီခန့်က မိုးရွာသွန်းပြီး လေတိုက်ခတ် သဖြင့် အုန်းပင်လဲကျမှုကြောင့် ဒေါ်ခင်မာရီ၏ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း နေအိမ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။                        
အဆိုပါ ပျက်စီးဆုံးရှုံးခဲ့သည့်  နေအိမ်ရှိ   အမျိုးသမီးတစ်ဦး၊ အမျိုးသား နှစ်ဦး စုစုပေါင်း သုံးဦးတို့အား ဆွေမျိုးနေအိမ်တွင် ယာယီ နေရာချထားပေးကာ ၎င်းတို့၏  နေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ  ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရ သည်။                                                    

 မြို့နယ် (ပြန်/ဆက်)

 


ကျွန်းစု
တနင်္သာရီတိုင်းဒေသကြီး   ကျွန်းစုမြို့နယ် ရေပြည့်အော်ကျေးရွာ၌ မတ် ၂၂ ရက် ညနေ ၃ နာရီခွဲက  လေပြင်းများတိုက်ခတ်၍ ပင်လယ် ရေလှိုင်းများရိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားသည်။
 ပင်လယ်ရေလှိုင်းများ  ရိုက်ခတ်မှုကြောင့်  ကျေးရွာကမ်းနား ပိုင်းနေ ဒေါ်စိုးစိုးမိုး (၃၆နှစ်)၏ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး အဆိုပါ ဘေးသင့်နေအိမ်မှ မိသားစုဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်းငါးဦးတို့သည် ရေပြည့်အော်ကျေးရွာ တာဝန်ခံ ဦးသန်း နိုင်၏ နေအိမ်၌  ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း   သိရ သည်။                           
မြင့်ဦး(မြိတ်)

 


ငါးသိုင်းချောင်း
ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ကမ်းဘေးရှိ ကွင်း‌ပေါက်ကျေးရွာ၌ မတ် ၂၃ရက် နံနက် ၈ နာရီ  ၁၅  မိနစ်က  လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  နေအိမ် တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
လတ်တလောအခြေအနေတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက အဆိုပါ ဘေးသင့်အိမ်ထောင်စုမှ မိသားစုဝင် ငါးဦးအား လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်၍ နီးစပ်ရာ ဆွေမျိုးများ၏  နေအိမ်သို့ ယာယီပြောင်းရွှေ့နေရာချထားပေးထား ကြောင်း သိရသည်။
အလားတူ ငါးသိုင်းချောင်းမြို့ ကွင်းကြီးကျေးရွာ၌ မတ် ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲက လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ကျေးရွာအတွင်းရှိ အင်ဖက်မိုး၊ အင်ဖက်ကာ၊ ဝါးတိုင်၊ ဝါးခင်း နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက အဆိုပါ  နေအိမ်ပြိုပျက်  အိမ်ထောင်စုတစ်စု ရှိမိသားစုဝင်လေးဦးအား ဝိုင်းဝန်းကူညီ၍ နီးစပ်ရာဆွေမျိုးသားချင်း များ၏ ခြံအလွတ်အတွင်း ယာယီပြောင်းရွှေ့ နေရာချထားပေးထား ကြောင်း သိရသည်။                                  

စိုးမင်းဦး(ပြန်/ဆက်)

 


ငပု​တော
ဧရာဝတီတိုင်းဒေသကြီး ငပု​တောမြို့နယ် ဒီးဒူးကုန်းကျေးရွာအုပ်စု ​မေဒါအိုင်ကျေးရွာ၌  မတ် ၂၁ ရက် ည​နေပိုင်းက  လေပြင်းတိုက်ခတ်၍  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီးဒူးကုန်း​၏ ကျေးရွာရှိ လူ​နေအိမ် တစ်လုံးမှာ အမိုးလန်ခြင်း၊ မေဒါအိုင်​ကျေးရွာရှိ လူ​နေအိမ် နှစ်လုံး​ ပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ​           
 လတ်တလောအခြေအနေတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရွာသူရွာသားများက အဆိုပါနေအိမ်ပြိုကျ  ပျက်စီးသွားသည့်  အိမ်ထောင်စုသုံးစုရှိ မိသားစုဝင် ၁၀ ဦးတို့အား ဝိုင်းဝန်းကူညီ၍ နီးစပ် ရာဆွေမျိုးသားချင်းများ၏ နေအိမ်များတွင်ယာယီပြောင်းရွှေ့နေရာချထားပေးထားကြောင်းသိရှိရပြီး မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာနရုံးမှ  သိရသည်။                 နုနု​အေး(ပြန်/ဆက်)

 

ရေကြည်
ဧရာဝတီတိုင်းဒေသကြီး  ရေကြည်မြို့နယ်   ကွင်းလျားကျေးရွာ အုပ်စု ကွင်းပေါက်ပိုင်းတွင် မတ် ၂၃ ရက် နံနက် ၈  နာရီက  လေပြင်း တိုက်ခတ်သဖြင့် နေအိမ်တစ်လုံး  ပြိုကျပျက်စီးကြောင်း သိရသည်။
အားကောင်းသည့်မုန်တိုင်းအရှိန်ကြောင့်   ရေကြည်မြို့နယ်တွင်  မတ် ၂၂ ရက် နံနက် ၈ နာရီမှစတင်ကာ လေပြင်းတိုက်ခတ် မိုးရွာသွန်း သဖြင့်  ဦးမျိုးအောင်နှင့် မိသားစုဝင် ငါးဦးနေထိုင်ကြသည့် နေအိမ် တစ်လုံးပြိုကျပျက်စီးခဲ့သဖြင့် တစ်ရွာတည်းနေ  ဦးဖိုးပြဲ၏ နေအိမ်သို့ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။ 
အလားတူ ကွင်းလျားကျေးရွာအုပ်စု ရေကျော်ပိုင်း  ကရင်တောရိုး နားတွင် မတ် ၂၃ ရက် နံနက်  ၉ နာရီက  ငဝန်မြစ်ကမ်းပါး   အလျားပေ  ၃၀၊ အနံထု ၁၈ ပေခန့်ပြိုကျမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)