မုံရွာမြို့အဝင် အလုံစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေး

 

မုံရွာ   ဒီဇင်ဘာ    ၅


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေးအတွက် မုံရွာမြို့အဝင် အလုံစစ်ဆေးရေး ဂိတ်တွင် ဒီဇင်ဘာ ၄ ရက် နံနက် ၈ နာရီမှ စတင်ကာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အခမဲ့ ထိုးနှံပေးလျက်ရှိသည်။

 


ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပတ်သက်၍ မုံရွာခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညီညီလွင်က အသက် ၁၈နှစ် အထက်  လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန်အတွက် ယခုအစီအစဉ်ကို ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ မုံရွာမြို့တွင်းမှ လူဦးရေသာမက ဆေးတစ်ကြိမ်မှ မထိုးရသေးသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအား မှတ်ပုံတင်စာရင်းရေးသွင်းပြီး ပထမအကြိမ်အဖြစ် ယနေ့စတင်ထိုးနှံ ပေးခြင်းဖြစ်ကာ ၂၈ ရက်ခြား၍ ဒုတိယအကြိမ်ကိုလည်း ထိုးနှံပေး သွားမည်ဖြစ်ကြောင်း၊ ယခု ဖြစ်ပေါ်နေသော မျိုးကွဲဗီဇပြောင်း အိုမီ ခရွန်သည် ပတ်ဝန်းကျင်နိုင်ငံများတွင်  ပျံ့နှံ့နေပြီဖြစ်ကာ  ရောဂါ ကာကွယ်ဆေးထိုးနှံထားပါက ရောဂါပြင်းထန်မှုကို လျော့နည်းစေပြီး အထိုက်အလျောက် ကာကွယ်နိုင်ကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံရန်   လိုအပ်ကြောင်း ပြောကြားသည်။

 


မုံရွာမြို့အဝင် အလုံစစ်ဆေးရေးဂိတ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မုံရွာခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်တင်မိုး နှင့် အဖွဲ့ဝင်များ၊ မုံရွာမြို့နယ်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်   အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  ဦးလှဝင်းအောင်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် အမှတ်(၄)တပ်မတော်ဆေးရုံ ခုတင် (၃၀၀) မှ ဝန်ထမ်းများက ဆေးထိုးပေးရာ တစ်ရက်တည်းတွင် ခရီးသွား ပြည်သူ ၇၀၀ ကျော်အား ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးနိုင်ခဲ့ ကြောင်းနှင့် အဆိုပါ စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး အခမဲ့ထိုးနှံပေးခြင်းကို နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီအထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                      

                                      
ခရိုင်(ပြန်/ဆက်)