မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ

 

မုဒုံ      သြဂုတ်     ၉


သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှု   လုပ်ငန်းဦးစီးဌာန   မုဒုံ မြို့နယ်  ရက်ကန်းနှင့်  အသက်မွေးပညာသင်တန်း ကျောင်း၌    ရက်ကန်းပညာရပ်များ    တိမ်ကော ပပျောက်မှုမရှိစေရေး   ရက်ကန်းလုပ်ငန်းဆိုင်ရာ  နည်းပညာများ အတတ်ပညာများ ပိုမိုထွန်းကားစေ​ရန်နှင့် ရက်ကန်းပညာရှင်များ တိုးပွားလာစေရေး တို့အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

 


သင်တန်းများအနေဖြင့် အခြေခံလက်ရက်ကန်း     ခြောက်လသင်တန်းကို ဘာသာရပ်ခြောက်ခုဖြစ်သည့် လက်ရက်ကန်း၊ အထည်ဒီဇိုင်း၊   တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်၊ သဘာဝဆိုးဆေး၊ အထည်ခွဲစိတ်လေ့လာ ခြင်း၊ အခြေခံစက်ချုပ်ဘာသာရပ်များကို တစ်နှစ် လျှင် နှစ်ကြိမ်ဖွင့်လှစ်ပေးပြီး စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားပေးသည်။

 


အဆိုပါသင်တန်းများကို   အသက်  ၁၈ နှစ်မှ ၃၀  အတွင်းရှိ    အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူများ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး     သင်တန်းတစ်ကြိမ်လျှင်  သင်တန်းသား   ၂၀  လက်ခံ သင်ကြားပေးကြောင်း၊      သင်တန်းကျောင်းတွင် အဆောင်နေ ထိုင်ခွင့်နှင့်   သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း တစ်လလျှင် ငွေကျပ်  ၃၀၀၀၀  ပံ့ပိုး ပေးသည့်အပြင်     သင်တန်းတက်ရောက်ပြီးပါက ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လိုအပ် သည့် အထောက်ကူများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း မုဒုံမြို့နယ်  ရက်ကန်းနှင့်  အသက်မွေးပညာသင်တန်း ကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဇာခြည် ကျော်ထံမှ သိရသည်။            

မြို့နယ်(ပြန်/ဆက်)