
နေပြည်တော် ဇန်နဝါရီ ၂၁
၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်တွင် နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ - အိန္ဒိယနိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအရ ပထမအကြိမ် ပူးတွဲကြီးကြပ်ရေး ကော်မတီ (Joint Monitoring Committee-JMC) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ကုန်သွယ်ရေးဦးစီးဌာန၌ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ စားသုံးသူ ရေးရာ၊ အစားအစာနှင့် ပြည်သူ့ ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာန၊ တွဲဖက် အတွင်းဝန် (စီးပွားရေးရာအကြံ ပေး) Mr. Kamkhenthang Guite တို့က ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ပဲလွတ်လပ်စွာ တင်သွင်းခွင့်ပြု
အဆိုပါ အစည်းအဝေး၌ G to G MoU အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် (ဧပြီလမှ မတ်လအထိ) မတ်ပဲ တန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် တစ် သိန်းတို့ကို တင်ပို့ရမည်ဖြစ်ရာ မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး သည့် နေ့မှစ၍ ပထမအကြိမ် ပူးတွဲကြီးကြပ်ရေး ကော်မတီ အစည်းအဝေး ကျင်းပသည့်နေ့ အထိ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ပြီး သည့် ပမာဏသည် G to G MoU အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွက် ခွင့်ပြုထားသည့် ပမာဏ ထက်ကျော်လွန် တင်ပို့ထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် အိန္ဒိယနိုင်ငံ အစိုးရမှ မတ်ပဲနှင့် ပဲစင်းငုံတို့အား လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့် မူဝါဒအား ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ သက်တမ်း တိုးမြှင့်ပေးခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံမှ ပဲတင်ပို့သူ များနှင့် အိန္ဒိယနိုင်ငံမှ ပဲတင်သွင်း သူများသည် မတ်ပဲနှင့် ပဲစင်းငုံတို့ ကို လွတ်လပ်စွာ တင်သွင်းခွင့်အား အကျိုးရှိစွာ ဆက်လက်အသုံးချ သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယ အစိုးရ၏ မတ်ပဲနှင့်ပဲစင်းငုံတို့ကို လွတ်လပ်စွာ တင်သွင်းခွင့်ပြု သည့် မူဝါဒကြောင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပဲကုန် သွယ်ကဏ္ဍနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေ များကို ဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်သဘောတူ သတ်မှတ်
ယနေ့ကျင်းပသည့် ပူးတွဲ ကြီးကြပ်ရေးကော်မတီ၏ ပထမ အကြိမ်အစည်းအဝေး၌ နားလည် မှုစာချွန်လွှာအရလာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိအတွက် မတ်ပဲ နှင့်ပဲစင်းငုံများကို ကုန်သွယ်မှု ပြုရာတွင် မြန်မာနိုင်ငံမှ ပဲတင်ပို့ သူများ၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်း သူများနှင့် နှစ်ဖက်သက်ဆိုင်ရာ အစိုးရဌာနများ လိုက်နာဆောင် ရွက်ရမည့် စံလုပ်ထုံးလုပ်နည်းများ ကို နှစ်ဖက်သဘောတူ သတ်မှတ် ခဲ့ကြသည်။
ပါဝင်တက်ရောက်
အစည်းအဝေးသို့ အကောက် ခွန်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေး ရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်တို့မှ တာဝန်ရှိသူများ၊ အိန္ဒိယသမ္မတနိုင်ငံ စားသုံးသူ ရေးရာ၊ အစားအစာနှင့် ပြည်သူ့ ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် ရန်ကုန်မြို့ အိန္ဒိယသမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက် ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်