မသန်စွမ်းသူများ၏ ဘဝအရည်အသွေးဖွံ့ဖြိုးရေး ဝိုင်းဝန်းဆောင်ရွက်ပေး

Type
1

 

မြနှင်းဝေ

၁၉၈၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ကုလသမဂ္ဂ  မသန်စွမ်းသူများဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်တွင် မသန်စွမ်းသူများအား ကြိုတင်ကာကွယ်ခြင်း၊  ပြန်လည်ထူထောင်ခြင်း အပြည့်အဝပါဝင်ခွင့်နှင့် တန်းတူရပိုင်ခွင့်ရရှိမှုတို့ တိုးမြှင့်နိုင်ရန်အတွက်  ကမ္ဘာ့ပထမဆုံးသော မသန်စွမ်းရပိုင်ခွင့်ကို  အခြေခံသည့် ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာချမှတ်နိုင်ခဲ့သည်။ ထိုသို့ ချမှတ်ခဲ့သောနေ့ကို အထူးပြုသောအားဖြင့်  ၁၉၉၂  ခုနှစ် အောက်တိုဘာ  ၁၄ ရက်က ကျင်းပသော  (၄၇) ကြိမ်မြောက်  ကုလသမဂ္ဂအထွေထွေညီလာခံကြီး၏  ဆုံးဖြတ်ချက်အပိုဒ် (၄၇/၃) ဖြင့်  နှစ်စဉ်   ဒီဇင်ဘာ  ၃  ရက်နေ့ကို  အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities) အဖြစ် အတည်ပြုသတ်မှတ်လိုက်သည်။

 

အကြိမ်(၃၀) မြောက် အခမ်းအနား
ကမ္ဘာတစ်ဝန်းတွင်          အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ကြသလို မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၉၄    ခုနှစ်မှစတင်ကျင်းပခဲ့ရာ     ယခုနှစ်သည် အကြိမ်(၃၀)  မြောက်    အခမ်းအနားဖြစ်သည်။            ထိုသို့  အပြည်ပြည်ဆိုင်ရာ  မသန်စွမ်းသူများနေ့     အခမ်းအနားကျင်းပရခြင်း    ရည်ရွယ်ချက်များမှာ   မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ  မသန်စွမ်း သူများ၏  ဘဝအရည်အသွေး  ပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ  တန်းတူညီမျှ   အခွင့်အရေး ရရှိရေး ကြိုးပမ်းဖော်ဆောင်ရန်၊  မသန်စွမ်းသူများ ၏       ဂုဏ်သိက္ခာနှင့်         စွမ်းဆောင်ရည်တို့ကို အလေးထား       ဂရုပြုတတ်စေရန်တို့ဖြစ်သည်။ အထူးသဖြင့်          ကမ္ဘာတည်ဆောက်ရာတွင်       မသန်စွမ်းသူများလည်း တစ်တပ်တစ်အားပါဝင်ပြီး    ရေရှည်တည်တံ့ရေးအတွက်       စုပေါင်းအကောင် အထည်ဖော်နိုင်စေရေးအတွက် ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သည့်  မသန်စွမ်းမှုဆိုင်ရာ  ကမ္ဘာ့ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ သန်း ၁ဝဝဝ  ကျော် သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ  နိုင်ငံ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း  (၂ ဒသမ ၃ သန်း) ကျော်သည်     မသန်စွမ်းသူများဖြစ်ကြောင်း   သိရ သည်။ 
ကမ္ဘာ့အကြီးမားဆုံး လူနည်းစုအုပ်စု
ဤပမာဏကိုကြည့်လျှင်    ကမ္ဘာအနှံ့   တည်ရှိ နေထိုင်ကြသော မသန်စွမ်းသူများ၏ အရေးအရာမှာ ပေါ့ပေါ့တန်တန်မဟုတ်ကြောင်း     သတိပြုမိလာ သဖြင့် မသန်စွမ်းသူများကို    “ကမ္ဘာ့အကြီးမားဆုံးလူနည်းစုအုပ်စု” အဖြစ် သတ်မှတ်လာကြသည်။ မသန်စွမ်းသူများသည်    နည်းမျိုးစုံဖြင့်     ခွဲခြား ဆက်ဆံမှုခံနေရပြီး အမျိုးမျိုးသောဆင်းရဲဒုက္ခများ ခံစားနေရကာ အခွင့်အရေးမှန်သမျှ ဆုံးရှုံးနေရသလို မသန်စွမ်းသူအားလုံး၏  ရာခိုင်နှုန်း ၈ဝ ကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်          နေထိုင်ကြသဖြင့် ဘူးလေးရာ ဖရုံဆင့် ခံစားကြရသည်။
အဆိုပါ အကြီးမားဆုံးသော လူနည်းစုအုပ်စုကို ဆေးပညာရှုထောင့်အမြင်မှ   သွေဖည်ပြီး လူမှုရေး ရှုထောင့်အမြင်ဖြင့် မြင်လာကြကာ မသန်စွမ်းသူများ ကိုယ်တိုင်အခွင့်အရေးများ ခံစားရရှိရေး၊ မွေးရာပါ ဂုဏ်သိက္ခာများအား  လေးစားတန်ဖိုးထားခံရရေး နှင့်  ၎င်းတို့၏   ဖွံ့ဖြိုးတိုးတက်မှုတွင် အခက်အခဲ အတားအဆီးများရှိနေကြောင်းကို အသိအမှတ်ပြု၍ ခွဲခြားဆက်ဆံခံရမှုများ  ပပျောက်ပြီး တန်းတူညီမျှ အခွင့်အရေးရရှိရေးတို့အတွက် ကုလသမဂ္ဂအပါ အဝင် ကမ္ဘာ့နိုင်ငံများက ကြိုးပမ်းအကောင်အထည် ဖော်လာပြီဖြစ်သည်။      ကုလသမဂ္ဂအနေဖြင့် မသန်စွမ်းသူများအပေါ်ထားရှိသည့်  စိတ်သဘော ထားများနှင့် ဖြေရှင်းမှုပုံစံများကို ပြုပြင်ပြောင်းလဲ နိုင်ရန်ရည်ရွယ်၍  ၂ဝဝ၆ ခုနှစ်   ဒီဇင်ဘာ ၁၃ ရက် တွင် မသန်စွမ်းသူများ၏အခွင့်အရေး  သဘောတူ စာချုပ်ကို ထုတ်ပြန်ခဲ့ရာ  ကမ္ဘာ့နိုင်ငံအသီးသီးက သဘောတူလက်ခံ လက်မှတ်ရေးထိုးကြသည်။
အဆိုပါ စာချုပ်တွင် မသန်စွမ်းသူတို့၏ လူမှုရေး နှင့် လူ့အခွင့်အရေးကိုအခြေပြုလျက် နောက်ဆုံး ပေါ် ချဉ်းကပ်ဆောင်ရွက်မှုပုံစံများကို အလေးပေး ပြဋ္ဌာန်းထားသည်။   စာချုပ်အပိုဒ်     (၁)   တွင် “မသန်စွမ်းသူ      ဆိုသည်မှာ      ပတ်ဝန်းကျင်ရှိ အတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ  အပြည့်အဝ   ထိရောက်စွာ  ပါဝင် ဆောင်ရွက်မှုမပြုနိုင်သော ကိုယ်ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း သို့မဟုတ် အာရုံခံစားမှုပိုင်းဆိုင်ရာ ရေရှည်ချို့ယွင်းချက်ရှိသူများကို   ဆိုလိုသည်” ဟု ဖော်ပြပါရှိသည်။
မသန်စွမ်းသူများ အခွင့်အရေးတန်းတူရရှိရေး
မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၁  ခုနှစ် ဒီဇင်ဘာ  ၇ ရက်တွင်    မသန်စွမ်းသူများ၏      အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင်  အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုး ဝင်ရောက်ခဲ့သည်။ ထိုသို့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း  မသန်စွမ်းသူ များအခွင့်အရေး        တန်းတူရရှိရေးအတွက်မူ    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၃၂ (ခ) အရ “နိုင်ငံတော်သည် မသန်စွမ်းသူများအား ကြည့်ရှု စောင့်ရှောက်ရမည်”  ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ ထိရောက်စွာ   ကူညီစောင့်ရှောက်နိုင်ရေးအတွက် “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ” ကို  ၂ဝ၁၅ ခုနှစ် ဇွန်  ၅ ရက်တွင် ပြဋ္ဌာန်းလိုက်ပြီး နည်းဥပဒေ များကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန် ခဲ့သည်။ ထို့ပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ နိုင်ငံတော်အဆင့် အမျိုးသားကော်မတီကို ၂ဝ၁၇  ခုနှစ်  စက်တင်ဘာ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်ကိုးရပ်နှင့် လုပ်ငန်းတာဝန် ၂၅ ရပ် ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
ယခုအခါ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက် ရေး   မဟာဗျူဟာ  (၂ဝ၁၆-၂ဝ၂၅)     ရေးဆွဲလျက် မသန်စွမ်းသူများအလိုက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို           မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ အလားတူစွာ မသန်စွမ်း အဆင့်သတ်မှတ်ခြင်း၊   မသန်စွမ်းမှတ်ပုံတင်ခြင်း နှင့်     ရန်ပုံငွေတစ်ရပ်    ထူထောင်ခြင်းတို့ကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်။     သင်တန်း ကျောင်းအခြေပြု    မသန်စွမ်းသင်တန်းကျောင်း ရှစ်ကျောင်းဖွင့်လှစ်၍        လေ့ကျင့်ပြုစုပျိုးထောင် ပေးနေသည်။ 
 ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ
ထို့အတူ   မသန်စွမ်းသူများအလိုက်   လုပ်ငန်း အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ အမြင် အာရုံမသန်စွမ်းသူများ၏   မျက်မမြင်အကြောပြင် အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊   အကြား အာရုံမသန်စွမ်းသူများအတွက်    သတင်းအချက် အလက်များ   လက်လှမ်းမီရရှိနိုင်ရေး    စီမံကိန်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက်    အသက်မွေး ဝမ်းကျောင်းဆိုင်ရာစီမံကိန်း၊ ဉာဏ်ရည်မသန်စွမ်း သူများအတွက်    ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို နိုင်ငံတကာ     အဖွဲ့အစည်းများ၊    မသန်စွမ်းအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မသန်စွမ်းသူများသည်     သာမန်ဘဝတစ်ခု ရရှိရန်အတွက် အထောက်အကူပြုသော  လူမှုရေး နှင့်    ရုပ်ပိုင်းဆိုင်ရာ    ပတ်ဝန်းကျင်လိုအပ်သည်။ ရုံးခန်းများ၊ အများပြည်သူနေရာများနှင့်  သယ်ယူပို့ ဆောင်ရေးမှအစ စာသင်ကျောင်းများ အဆုံးအထိ အတားအဆီးများကို ဖယ်ရှားပေးပါက မသန်စွမ်းသူ များ ကိုယ်တိုင်စွမ်းဆောင်နိုင်ပြီး လူမှုဘဝများတွင် ပေါင်းစည်းပါဝင်နိုင်ကြမည်ဖြစ်သည်။     ထို့ပြင် စီးပွားရေးကဏ္ဍဆိုင်ရာ    သတင်းအချက်အလက် များနှင့် အခွင့်အလမ်းများကို လက်လှမ်းမီရရှိ အသုံး ပြုမှုအား အဟန့်အတားဖြစ်စေသော  အတားအဆီး အားလုံးကို ဖယ်ရှားပေးရမည်ဖြစ်သလို မသန်စွမ်း သူများအပေါ် အထင်အမြင်သေးသည့် ရိုးရာဓလေ့ များ၊ အစွဲအလမ်းများနှင့်  ယုံကြည်မှုများ လျော့ပါး ပပျောက်ရေးအတွက် အားလုံးက ပြုပြင်ပေးကြရန် လိုအပ်သည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ  မသန်စွမ်းသူများ နေ့တွင် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် အတွက် ဆန်းသစ်တီထွင်မှုနှင့် မတူညီသော ဖြေရှင်း သည့်    နည်းလမ်းများရှာဖွေရန်နှင့်  ပတ်သက်၍ အပြန်အလှန်ဆွေးနွေးမည့် ကဏ္ဍသုံးရပ် ထည့်သွင်း ထားပါသည်။ ယင်းကဏ္ဍသုံးရပ်တွင်  အလုပ်အကိုင် ရရှိမှုတွင်           မသန်စွမ်းသူအားလုံးပါဝင်သော တိုးတက်မှုအတွက်  ဆန်းသစ်တီထွင်မှု   (SDG8)၊ မညီမျှမှုများလျှော့ချရာတွင်      မသန်စွမ်းသူများ အားလုံးပါဝင်သော တိုးတက်မှုအတွက် ဆန်းသစ် တီထွင်မှု (SDG10) နှင့် အားကစားကဲ့သို့သော ကဏ္ဍ များတွင် မသန်စွမ်းသူများအားလုံး ပါဝင်ဆန်းသစ် တီထွင်မှုတို့ ဖြစ်ပါသည်။ 
ယင်းဆွေးနွေးမည့်    ကဏ္ဍများတွင်    ကမ္ဘာ တစ်ဝန်း ဆန်းသစ်၍ လျင်မြန်စွာပြောင်းလဲနေသော နည်းပညာခေတ်တွင်  အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်အတွက်   လိုအပ်သော  အလုပ်အကိုင်၊ အသိ ပညာနှင့် ကျွမ်းကျင်မှုတို့အကြား  ချိတ်ဆက်မှုများ မြှင့်တင်ရေး၊       အလုပ်အကိုင်အခွင့်အလမ်းများကို အထောက်အကူပြု နည်းပညာများဖြင့် မြှင့်တင်နိုင် ရေးတို့       ဆွေးနွေးမည်ဖြစ်ပါသည်။    ထို့အပြင် မသန်စွမ်းသူများပါဝင်သော   လုပ်ငန်းခွင်၌   မတူ ကွဲပြားမှုများကို မြှင့်တင်ရာတွင် စိတ်ပါဝင်စားသည့် အများပြည်သူနှင့်   ပုဂ္ဂလိကဆိုင်ရာ    ကဏ္ဍများရှိ မညီမျှမှုများ လျှော့ချရန်အတွက်  ဆန်းသစ်တီထွင် မှုများ၊ လက်တွေ့အသုံးချကိရိယာများနှင့်   အလေ့ အကျင့်ကောင်းများနှင့်ပတ်သက်၍       ဆွေးနွေး ကြမည်ဖြစ်သည်။
စွမ်းဆောင်ရည်လည်းရှိသော်လည်း
 အလုပ်ရရန် အလွန်ခက်ခဲ
မသန်စွမ်းသူများ၏  ပကတိအခြေအနေမှန်ကို လေ့လာကြည့်ပါက  မသန်စွမ်းသူ  ၈၅ ရာခိုင်နှုန်း မှာ အလုပ်လက်မဲ့များဖြစ်ကြပြီး  အလုပ်လုပ်ရန် ဆန္ဒရှိ၊ စွမ်းဆောင်ရည်လည်းရှိသော်လည်း အလုပ် ရှင်အများစုက ငြင်းပယ်သဖြင့် အလုပ်ရရန် အလွန် ခက်ခဲလှသည်။     မသန်စွမ်းကလေးသူငယ်များ၏ အခြေအနေလေ့လာဆန်းစစ်ချက်   ၂ဝ၁၆   အရ နိုင်ငံတစ်ဝန်း၌  မသန်စွမ်းကလေးသူငယ် ၂၃၂ဝဝဝ ခန့်ရှိပြီး သုံးဦးလျှင်နှစ်ဦးမှာ ကျောင်းမတက်နိုင်ကြ ဘဲ ၃၆ ရာခိုင်နှုန်းသာ စာရေးစာဖတ်တတ်ကြသည်။ မြန်မာနိုင်ငံရှိ  ၂ ဒသမ ၃ သန်းသော မသန်စွမ်းသူ များနှင့် ၎င်းတို့၏ မိသားစုဝင် ခုနစ်သန်းခန့်တို့ ဆင်းရဲမှုသံသရာမှ    ရုန်းထွက်နိုင်ရေးအတွက်  ဆို လျှင်  ကုလသမဂ္ဂကချမှတ်ထားသော    စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်  ၁၇   ရပ်   (၂ဝ၁၆-၂ဝ၃ဝ)အောင်မြင်ရေးအရေးကြီးသလို     မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့်   ဖွံ့ဖြိုးရေးလုပ်ငန်းများ အားကောင်းမှသာ ဖြစ်နိုင်ပေသည်။
ကမ္ဘာပေါ်တွင်      လူဦးရေ    တစ်ဘီလီယံကျော် သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းမှုတစ်မျိုးမျိုးကို တွေ့ကြုံခံစားနေကြရပါ သည်။  ယင်းမသန်စွမ်းသူများ၏  ၈၀ ရာခိုင်နှုန်း သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိကြောင်း ကမ္ဘာ့ဘဏ်က      ဆိုပါသည်။    ကမ္ဘာတစ်ဝန်း မသန်စွမ်းသူအရေအတွက်  
သိသိသာသာမြင့်တက်လျက်ရှိပြီး      ယင်းသည် လူဦးရေပျံ့နှံ့မှုပုံစံများနှင့် အကြောင်းအမျိုးမျိုးဖြင့် နာတာရှည်  ကျန်းမာရေးမကောင်းမှုများ မြင့်တက် လာခြင်းတို့ကြောင့်  ဖြစ်ပါသည်။ ကိုဗစ်-၁၉  ကာလ အတွင်းကလည်း     မသန်စွမ်းသူများသည်    အချိုး မညီမျှစွာ ခံစားခဲ့ကြရပါသည်။ 
ကိုဗစ်-၁၉        သည်    ကမ္ဘာတစ်ဝန်းတွင်   ကျယ်ကျယ်ပြန့်ပြန့်  သက်ရောက်မှုများ ဆက်လက် ရှိနေသဖြင့်   ကျန်းမာရေး၊  ပညာရေးနှင့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ  ထည့်သွင်းစဉ်းစားမှုများ အပါ အဝင် ကပ်ရောဂါကြောင့်   မသန်စွမ်းသူများ မည်ကဲ့ သို့ အကျိုးသက်ရောက်သည်ကို      ဖြေရှင်းပေးရန်  လိုအပ်နေဆဲဖြစ်ပါသည်။   အထူးသဖြင့်    အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အဆင့်တိုင်းတွင် မသန်စွမ်းသူများအားလုံး  အကျုံးဝင်နိုင်ရေး တိုးမြှင့် လုပ်ဆောင်ရန်    အရေးတကြီးလိုအပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါသည်။ 
ဆိုးရွားသော လူမှုစီးပွားဘဝ အခြေအနေများ
လတ်တလောတွင်      မသန်စွမ်းသူများသည် ပညာရေးအားနည်းခြင်း၊ ကျန်းမာရေး စောင့်ရှောက် မှုနိမ့်ကျခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် ဆင်းရဲ မွဲတေမှုနှုန်းမြင့်မားခြင်း စသည့် ဆိုးရွားသော လူမှု စီးပွားဘဝအခြေအနေများကို   ကြုံတွေ့ရနိုင်ခြေ ပို၍များလာနေကြောင်း  ကုလသမဂ္ဂက ဆိုပါသည်။ ဆင်းရဲမွဲတေမှုကြောင့် အာဟာရချို့တဲ့မှု၊ ပညာရေး နှင့်    ကျန်းမာရေးစောင့်ရှောက်မှု   မပြည့်စုံခြင်း၊ ဘေးကင်းသော လုပ်ငန်းခွင်အခြေအနေ၊ ညစ်ညမ်း သော  ပတ်ဝန်းကျင်နှင့်  လုံခြုံသော  ရေနှင့်   မိလ္လာ စနစ်အသုံးပြုနိုင်သည့်      အခြေအနေမရှိသဖြင့် မသန်စွမ်းဖြစ်နိုင်ခြေများ       တိုးလာစေလျက်ရှိပါ သည်။ 
မသန်စွမ်းမှုဖြစ်လာစေနိုင်သည့်  အခြားအချက် များတွင် အလုပ်အကိုင်နှင့်  ပညာရေးအခွင့်အလမ်း များနည်းပါးခြင်း၊     လုပ်ခလစာနည်းပါးခြင်းနှင့် မသန်စွမ်းနေထိုင်မှု  စရိတ်စကများ  မြင့်တက်လာ ခြင်းတို့လည်း ပါဝင်ပါသည်။ မသန်စွမ်းသူများအနေ ဖြင့် လူမှုရေးနှင့် စီးပွားရေးတွင်  အပြည့်အဝ ပါဝင် နိုင်ရေးအတွက် အခက်အခဲများရှိနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ယင်းအခက်အခဲများတွင် လက်လှမ်း  မမီနိုင်သော      ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်နှင့် သယ်ယူပို့ဆောင်ရေး၊   အထောက်အကူပစ္စည်းများ နှင့်      နည်းပညာများမရရှိနိုင်မှု၊       လိုက်လျော ညီထွေဖြစ်သည့်         ဆက်သွယ်မှုနည်းလမ်းများ၊ ဝန်ဆောင်မှုဆိုင်ရာ    မညီမျှမှုများနှင့်     လူ့အဖွဲ့ အစည်းအတွင်း     ခွဲခြားဆက်ဆံခံရသော     မလို မုန်းထားမှုနှင့်        အရှက်ရစေမှုများကို      တွေ့ရ ပါသည်။ 
မသန်စွမ်းသူများဆိုင်ရာ အတားအဆီးများ
မသန်စွမ်းသူများဆိုင်ရာ      အတားအဆီးများတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ  အတားအဆီးများ အဖြစ် ခြုံငုံတွေ့ရပါသည်။ မသန်စွမ်းသူများဆိုင်ရာ အတားအဆီးများသည်    ရုပ်ပိုင်းဆိုင်ရာ   အတား အဆီးများထက် ပိုမိုပါဝင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဖော်ပြပါသည်။ လူတိုင်းသည် တစ်ကြိမ် မဟုတ် တစ်ကြိမ် အခက်အခဲ  အကျပ်အတည်းများ နှင့် ရင်ဆိုင်ကြရလေ့ရှိသော်လည်း မသန်စွမ်းသူများ အတွက်မူ အတားအဆီးများသည်   အခြားသူများ ထက် ပိုမိုတွေ့ရနိုင်ပြီး အကျိုးသက်ရောက်မှုလည်း ကြီးမားကြပါသည်။
ယနေ့နိုင်ငံတကာတွင်     အများပြည်သူသုံး အိမ်ရာများ၊ စာသင်ကျောင်းများ၊ လေဆိပ်များ၊  ရုံး များ၊ ဆေးရုံများ၊ ပန်းခြံများ၊  ရုပ်ရှင်ရုံများ၊  ဈေးဝယ် စင်တာများ၊     လျှောက်လမ်း၊   ပလက်ဖောင်းများ၊ လမ်းဆုံမီးပွိုင့်များ၊ လူကူးမျဉ်းကျားများ၊ ဘူတာရုံ များ၊    ရေယာဉ်၊   ရထား၊   ဘတ်စ်ကားများတွင် စံသတ်မှတ်ချက်နှင့်အညီ  လူတိုင်းဂုဏ်သိက္ခာရှိစွာ လက်လှမ်းမီ    သွားလာသုံးစွဲနိုင်ရေးအတွက်    စီမံ ဆောင်ရွက်ထားရှိကြသည်။         မြန်မာနိုင်ငံရှိ အမျိုးသားစာကြည့်တိုက်တွင်လည်း     မသန်စွမ်း သူများ   အသိပညာဗဟုသုတ    ရရှိစေရန်အတွက် စာပေဆိုင်ရာလေ့လာနိုင်သည့်  အထောက်အပံ့များ ကိုလည်း စီစဉ်ပေးထားကြောင်း သိရသည်။
ထို့ကြောင့် မသန်စွမ်းသူများသာမက သက်ကြီး ရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ် များအပါအဝင်    ပြည်သူအားလုံး   လွယ်လင့်တကူ သွားလာ အသုံးပြုနိုင်ကြသည်။   ကျွန်ုပ်တို့    နိုင်ငံ သည်       ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် လုပ်နိုင်သည့်အပိုင်းမှ    စတင်ဖြည့်ဆည်းပေးမည် ဆိုပါက     တစ်ချိန်တွင်    စံချိန်မီသော     မသန်စွမ်း သူများ    ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ်    ဖြစ်လာနိုင် ပေမည်။
ကမ္ဘာပေါ်တွင်  မသန်စွမ်းသူများထဲမှာ သန်စွမ်း သူများပါ    စံထားအားကျရသည့်    မသန်စွမ်းသိပ္ပံ ပညာရှင်  “စတီဖင်ဟော့ကင်း” သည်လည်း မသိသူ မရှိလောက်အောင်   ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ပါသည်။  မသန်စွမ်းသူများသည်လည်း လူသား အကျိုးပြုပုဂ္ဂိုလ်များ ပေါ်ထွက်လာနိုင်သောကြောင့် သန်စွမ်းသူများနည်းတူ     ခွဲခြားဆက်ဆံမှုမပြုဘဲ လူသားချင်းတန်းတူအရေးပေး      ဆက်ဆံသင့်ပါ သည်။     ပြည်သူအားလုံးပါဝင်သော       ပြန်လည် ထူထောင်ရေးများ  လုပ်ဆောင်နိုင်မှသာ  နာလန် ထူမည်ဖြစ်သဖြင့်   မသန်စွမ်းသူတို့    ပေါင်းစည်း ပါဝင်မှုကိုကြိုဆိုရင်း   ဒီဇင်ဘာ   ၃  ရက်  နေ့တွင်     ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့” ကို  ဂုဏ်ပြုရေးသားလိုက်ရပါသည်။       ။