
မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက်
အသက်မွေးဝမ်းကျောင်းပညာရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့သည် အရေးကြီး
နေပြည်တော် အောက်တိုဘာ ၂၅
မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီအစည်း အဝေး (၂/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံ ခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ မြန်မာ နိုင်ငံ မသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟို အလုပ်အမှုဆောင်အဖွဲ့) အတွင်းရေးမှူး၊ မသန်စွမ်း အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန် ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ဒုတိယအကြိမ်မြောက်ကျင်းပ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမျိုးသား ကော်မတီအစည်းအဝေးများကို တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပခဲ့ရာ ယခုအစည်းအဝေးသည် ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း၊ ယခုအချိန်ကာလသည် ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် ရင်ဆိုင်ရဆဲဖြစ်ပြီး အောင်မြင်စွာဖြတ်ကျော် လျက်ရှိရာ ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလများ တွင် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ် ထားရှိကြောင်း၊ အမျိုးသားကော်မတီ၏ လမ်းညွှန်မှု ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၇) ကို အတည်ပြုပြဋ္ဌာန်းခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင် ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအရင်းမပျောက် မတည်ငွေကျပ် (၃)ဘီလီယံကို တိုးပွားအောင် ဆောင်ရွက်ပြီး မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများသို့ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ခြင်း စသည့်လုပ်ငန်းရပ် များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇) ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ အာဆီယံမဟာ ဗျူဟာ လုပ်ငန်းအစီအစဉ် ၂၀၂၅ တို့နှင့်အညီ ရေးဆွဲ ခဲ့ပြီး စက်တင်ဘာ ၁၅ ရက်တွင် မိတ်ဆက်ဖြန့်ချိပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်နှင့် လုပ်ငန်းစဉ်များတွင် အသုံးစရိတ်များ ကျခံသုံးစွဲနိုင်ရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ် တွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ တင်ပြတောင်းခံသွားကြရန် ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိထိ ရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေများ၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များ၊ သတင်းအချက်အလက်နည်းပညာနှင့် လွယ်ကူစွာ သွားလာနေထိုင်အသုံးပြုနိုင်ရေး၊ တရားမျှတမှု ရရှိပိုင်ခွင့်၊ သုတေသနနှင့် စောင့်ကြည့်အကဲဖြတ် စသည်ဖြင့် ဆပ်ကော်မတီ(၉)ခုကိုလည်း ဖွဲ့စည်းထား ပြီးဖြစ်ကြောင်း။
မသန်စွမ်းသူများအတွက် အလွန်အကျိုးရှိစေမည်
မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်း နယ်မြေ (၄) ခုဖြစ်သည့် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တို့တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်း မှုအဆင့် သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအဆင့် အလိုက် လိုအပ်သောပံ့ပိုးမှုများကို သိရှိပံ့ပိုးပေးနိုင် မည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မသန်စွမ်းသူများအပေါ် ကူညီထောက်ပံ့မှုများ ထိထိ ရောက်ရောက် ဆောင်ရွက်လာနိုင်မည်ဖြစ်၍ မသန် စွမ်းသူများအတွက် အလွန်အကျိုးရှိစေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အတွက် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်စေရေး စီမံ ကိန်း ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် မသန်စွမ်းသူမှတ်ပုံတင်ခြင်းလုပ်ငန်းကို တစ်ပြိုင် တည်း ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ရန်ပုံငွေကိုတိုးပွားအောင် ဆောင်ရွက်
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက် မတည်ရန်ပုံငွေကျပ် (၃)ဘီလီယံကို အလေအလွင့်မရှိစေဘဲ စနစ်တကျတိုးပွားစေရေး အတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ငွေရေး ကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း ၍ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသို့ စီးပွားရေးချေးငွေကာလတို သုံးနှစ်ထုတ်ချေးပြီး ရန်ပုံငွေကိုတိုးပွားအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တိုးပွားလာသည့် ရန်ပုံငွေကို မသန်စွမ်း သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် မသန်စွမ်းသူများ အကျိုးပြုလုပ်ငန်းများတွင် ထောက်ပံ့သုံးစွဲသွားမည်ဖြစ်သည့်အတွက် မသန်စွမ်း သူများအတွက် အမှန်တကယ် အကျိုးရှိစေမည် ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏အောက်တွင် ချေးငွေထုတ် ချေးရေးကော်မတီ၊ ချေးငွေစိစစ်ရေးအဖွဲ့နှင့် ချေးငွေ ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းရန် ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ အရင်းမပျောက် မတည်ရန်ပုံငွေမှ တိုးပွားလာမည့် ရန်ပုံငွေကို မသန်စွမ်းသူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုးပေးမည့် အစီအစဉ်နှင့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲနိုင်ရေး အတွက် မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်း များနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားရကြရမည် ဖြစ်ကြောင်း။
စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရမည်
မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာ၊ အမှီအခို ကင်းစွာ ဘဝရပ်တည်နေထိုင်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့သည် အရေးကြီးကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့မှ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည့် Vocational Training သင်တန်းများတွင် မသန်စွမ်းသူများ ပုံမှန်ပါဝင်တက်ရောက်နိုင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးအတွက် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများ၊ လုပ်ငန်းရှင်များ၊ စီမံအုပ်ချုပ်သူများကို မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေ နှင့် ဝေပုံကျနှုန်းထား အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ အား အလုပ်အကိုင်ခန့်ထားပေးသည့် လုပ်ငန်းအဖွဲ့ အစည်းများကိုလည်း ဂုဏ်ပြုပေးရမည်ဖြစ်ကြောင်း။
အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိ
မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မသန်စွမ်း သူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍ ကိုလည်း တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရမည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ SURAKATA (SOLO)မြို့၌ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာ မသန်စွမ်းအားကစားသမား ၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခုနှင့် ကြေးတံဆိပ် ၁၇ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခု ရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံအနက် အဆင့် (၆) နေရာရရှိခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အားကစားသည် ကိုယ်အင်္ဂါကျန်းမာကြံ့ခိုင်ရေးကို အဓိကရည်ရွယ်သော်လည်း အားကစားပြိုင်ပွဲများ တွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါ ခံ့ညားစေသဖြင့် အားကစားအဆင့်အတန်း မြင့်မားရေးသည် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ကြောင်း။
မြန်မာ မသန်စွမ်းအားကစားသမားများအနေ ဖြင့် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ကြသူများဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် အောင်ပွဲရ မသန်စွမ်းအားကစားသမား များကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ ကြောင်း၊ မျိုးဆက်သစ် မသန်စွမ်းအားကစားသမား များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ် များတွင် ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် အမျိုးသားကော်မတီဝင်အားလုံးကို ကျေးဇူးတင်ရှိ ကြောင်းနှင့် အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန် များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် မသန်စွမ်းသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်က မသန်စွမ်းသူများ ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် မြန်မာ နိုင်ငံ မသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟို အလုပ်အမှုဆောင်အဖွဲ့) အတွင်းရေးမှူးတို့က မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြ ပြီး အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ဖြည့်စွက် ဆွေးနွေး ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားကော်မတီအတွင်းရေး မှူး ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၂/၂၀၂၂) ၏ လျာထားအစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်