
နေပြည်တော် ဧပြီ ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် ယနေ့ နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့) သို့ ရောက်ရှိစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာ နိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့်ဂျုံများ MIP နှင့် Asia World ဆိပ်ကမ်းများမှ ကွန်တိန်နာများဖြင့် ရောက်ရှိမှု၊ ဆန်အိတ်များကို သိုလှောင်ရုံအတွင်း သိုလှောင်ထားရှိမှုနှင့် မြို့နယ်များသို့ ဖြန့်ဝေပို့ဆောင် ရန် စီစဉ်ဆောင်ရွက်ထားရှိမှုကို ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးက ရှင်းလင်းတင်ပြရာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး သိုလှောင်ရုံ အတွင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်း သက်ငယ်သင်တန်းကျောင်းသို့ရောက်ရှိရာ တာဝန်ခံကျောင်းအုပ်က သင်တန်းကျောင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းအနေဖြင့် ပိုမိုထိရောက်ကျယ်ပြန့် စွာ အကျိုးပြုနိုင်ရေးအတွက် မသန်စွမ်းသူများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ Resource Center အဖြစ် မြှင့်တင်၍ TOT သင်တန်းများပို့ချနိုင်ရေး ဆောင်ရွက် သွားရန် မှာကြားသည်။
ယင်းနောက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက် ရေးဂေဟာသို့ရောက်ရှိကြပြီး မသန်စွမ်းကလေးများ အား ပြုစုစောင့်ရှောက်ပေးနေမှုနှင့် စားသောက် နေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ မသန် စွမ်းကလေးများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၌ သင်တန်း ကျောင်းခန်းမဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ကြသည်။
ထို့နောက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိရာ တာဝန်ခံကျောင်းအုပ်က ကျောင်း၏ တည်နေရာ၊ အဆောက်အဦ၊ ဝန်ထမ်းအင်အား၊ ဝင်ဆံ့အင်အားနှင့် လက်ခံစောင့်ရှောက်ထားရှိမှု၊ ကလေးများ အသိပညာအတတ်ပညာဖွံ့ဖြိုးစေရေး ဆောင်ရွက်နေမှု၊ အားသာချက်၊ အားနည်းချက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့် အချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက လိုအပ်သည်များမှာကြားပြီး သင်တန်း ကျောင်းအိပ်ဆောင်များအတွင်း လိုက်လံကြည့်ရှုကာ ကလေးငယ်များအား လိမ္မာရေးခြားရှိပြီး အကျိုးပြု နိုင်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေ ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း အားပေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်