မသန်စွမ်းလူငယ်များ ကိုယ်ပိုင်ဝင်ငွေရရှိနိုင်စေရန်အတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဖွင့်

 

နေပြည်တော်  ဇန်နဝါရီ   ၃၁


မသန်စွမ်းလူငယ်များ အသက်မွေးဝမ်းကျောင်းအတတ်ပညာ ရရှိစေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၀ ရက်က နေပြည်တော် လယ်ဝေးမြို့နယ် အားကစား လေ့ကျင့်ရေးစခန်း(၂)၌ ကျင်းပသည်။

 


အခမ်းအနားတွင် ဒုတိယဝန်ကြီး  ဒေါက်တာစိုးဝင်း က မသန်စွမ်းလူငယ်များ အိုးမကွာ အိမ်မကွာ အရင်း အနှီးနည်းနည်းဖြင့်       စီးပွားဖြစ်    လုပ်ကိုင်နိုင်ပြီး ကိုယ်ပိုင်ဝင်ငွေရရှိနိုင်စေရန်အတွက် ယခုသင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဒေသတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းများ (MSME) အရှိန်အဟုန်မြှင့် တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူ ပြုနိုင်မည်ဖြစ် ကြောင်း၊    မသန်စွမ်းလူငယ်များ၏     လူ့စွမ်းအား အရင်းအမြစ်များ  တိုးတက်လာအောင်  ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဟန်ချက်ညီအောင် ဖြည့်တင်းပေးရန် လိုအပ်ကြောင်း၊ လူငယ်ရေးရာ ဦးစီးဌာနအနေဖြင့် လည်း မသန်စွမ်းလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန် အဓိကရှေ့လုပ်ငန်းစဉ်ကြီး (၃)ရပ်ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

 


ယခုသင်တန်းအပြင်       အခြားကုန်ထုတ်လုပ်မှု သင်တန်း၊   လက်မှုအတတ်ပညာသင်တန်းများကို လည်း ထပ်မံ၍ ဖွင့်လှစ်နိုင်ရေးကြိုးစားဆောင်ရွက် မည်ဖြစ်ကြောင်း၊      မသန်စွမ်းလူငယ်များ      ပညာ သင်ကြားရေးနှင့် ပတ်သက်၍  အခြေခံပညာသင်ကြား ရန် အခက်အခဲရှိပါက  တင်ပြနိုင်ပြီး       သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်      ဆက်သွယ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလတွင် လည်း အားကစားသင်တန်းများ ဖွင့်လှစ်သည့်အခါ မသန်စွမ်းလူငယ်များအတွက် နွေရာသီအားကစား သင်တန်းများပါ   ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့်   နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် စနစ်တကျ    ပြုစုပျိုးထောင်   ရင်းနှီး မြှုပ်နှံဆောင်ရွက်သွားရန်လိုကြောင်းနှင့်  သင်တန်း တွင် ပို့ချသော စာတွေ့လက်တွေ့ သင်ခန်းစာများကို သင်တန်းသား သင်တန်းသူများအနေဖြင့် သေချာစွာ  ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း ပြောကြား သည်။

 


အဆိုပါ သင်တန်းကို     ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ လယ်ဝေးမြို့နယ် အားကစား လေ့ကျင့်ရေးစခန်း(၂)၌ သင်တန်းသား သင်တန်းသူ  ၂၉ ဦးကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန မှ သင်တန်းနည်းပြ ဒေါ်စုလှိုင်မြင့် (ဦးစီးအရာရှိ)နှင့် ဒေါ်ခိုင်ခိုင်မော် (ဒုတိယဦးစီးမှူး)တို့က ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊     ခေါင်းလျှော်ရည်နှင့် Hand Gel   ပြုလုပ် နည်းများကို စာတွေ့လက်တွေ့    သင်ကြားပို့ချပေးမည် ဖြစ်သည်။

 


အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးနေဝင်း၊  ဌာနဆိုင်ရာများမှ  တာဝန်ရှိသူများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ နေပြည်တော် မသန်စွမ်းအသင်းဥက္ကဋ္ဌနှင့်  တာဝန်ရှိ သူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်