
နေပြည်တော် ဇူလိုင် ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အသင်းအပ်နှံခြင်းနှင့် ရွေးချယ်ခံဗဟိုအလုပ်အမှုဆောင် များမှ လမ်းညွှန်မှုခံယူခြင်း အခမ်းအနားကို ဇူလိုင် ၄ ရက် ညနေ ၄ နာရီတွင် နေပြည်တော်ရှိ Grand ASTER Villa ၌ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ နှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင် များ၊ မိတ်ဖက်အသင်းများမှဥက္ကဋ္ဌနှင့် အလုပ်အမှု ဆောင်၊ ဗဟိုအလုပ်အမှုဆောင်များ၊ နေပြည်တော် မြို့မိမြို့ဖများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် စီးပွားရေးကဏ္ဍ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းဝန်းကျင် ပါဝင် ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ တွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း၊ MSMEs ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် သွင်းအားစုများဖြစ်သည့် ကုန်ကြမ်း၊ စွမ်းအင်၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ် မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုတွင် လိုအပ်သည့် ကုန်ကြမ်းများကို ပြည်ပနိုင်ငံမှ တင်သွင်းခြင်းထက် မိမိနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်မည်ဆိုပါက ပိုမို အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ MSMEs ကုန်ပစ္စည်း များ ပြည်ပဈေးကွက် ယှဉ်ပြိုင်တင်ပို့နိုင်ရန် ထုတ်လုပ် မှုကုန်ကျစရိတ် သက်သာစေရေးအတွက် စွမ်းအင် ကဏ္ဍနှင့် အခြားလိုအပ်သည့် အခြေခံအဆောက်အအုံ များ ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည် တော်အတွင်း ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များကို ထုတ်လုပ် ပြီး ထုပ်ပိုးမှုများကိုလည်း အရည်အသွေးကောင်းမွန် သည့် ထုပ်ပိုးမှုစနစ်ဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက် တို့သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ပြည်တွင်း ဈေးကွက်ရရှိရေးနှင့် ပြည်ပဈေးကွက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက် ဈေးနှုန်းခိုင်မာစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေးတို့ကို ဦးတည်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ရှေ့ဆက်လက် တာဝန်ယူ သွားကြမည့် ရွေးချယ်ခံဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အလုပ်အမှုဆောင်များက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ MSME ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် MSME Association ဥက္ကဋ္ဌ ဦးကျော် စွာဝင်းက မိတ်ဆက်စကားပြောကြားပြီး MSME Association အား နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ အပ်နှံသည်။
ယင်းနောက် MSME Association အထွေထွေ အတွင်းရေးမှူး ဦးတင်မောင်ဦးက လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ အသေးစိတ်တင်ပြသည်။ ထို့နောက် MSME Association ဂုဏ်ထူးဆောင်နာယကအဖြစ် လက်ခံပေးနိုင်ပါရန် ဂါရဝပြုတင်ပြခြင်း၊ MSME Association နာယကအဖြစ် ချီးမြှောက်လက်ခံရန် တင်ပြခြင်းများ ဆောင်ရွက်ပြီး MSME Association အထွေထွေအတွင်းရေးမှူး ဦးတင်မောင်ဦးက MSME Association ရွေးချယ်တင်မြှောက်ပွဲကို ဖြစ်မြောက် အောင် ဝိုင်းဝန်းကူညီပေးခဲ့ကြသော Main Sponsor များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော် အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် များက ခင်းကျင်းပြသသည့် ဒေသထွက်ကုန်ပစ္စည်း များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှု ထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)