
နေပြည်တော် စက်တင်ဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့် နှင့်အတူ ယနေ့ညနေပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ MRTV စိန်ရတုပြတိုက် တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး MRTV ဝန်ထမ်းများက တင်ဆက် ပြသမည့် အဉ္ဇလီအငြိမ့် ရိုက်ကူးရေးဆောင်ရွက် နေမှုအား ကြည့်ရှုအားပေးသည်။
သမိုင်းအစဉ်အလာကြီးမား
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် MRTV စိန်ရတုပြတိုက် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ပြတိုက် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေ အနေအားလည်းကောင်း၊ ပြတိုက်တွင် ခင်းကျင်း ပြသရန်လျာထားမှုအားလည်းကောင်း ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် သမိုင်းအစဉ် အလာကြီးမား သော ဌာနကြီးတစ်ခုဖြစ်သည်နှင့်အညီ ခေတ် အဆက်ဆက်တွင် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့မှု၊ နိုင်ငံတော်နှင့် ပြည်သူအတွက် အားကိုးရသော ဝန်ဆောင်မှု ပေးခြင်းတို့ကို ပေါ်လွင်အောင် ခင်းကျင်းပြသနိုင်ရေး စနစ်တကျ ဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် မှာကြား သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် အဆောက်အဦမှာ အရွယ်အစား အလျားပေ ၁၀၀၊ အနံ ၇၅ ပေ၊ အမြင့် ၂၆ ပေရှိသော RC နှစ်ထပ် အဆောက်အဦဖြစ်ပြီး ယခုအခါ တည်ဆောက်ရေး လုပ်ငန်း၏ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ရာ ၎င်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ခေတ်အဆက် ဆက် အသုံးပြုခဲ့သော စက်ပစ္စည်းများ၊ တူရိယာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ပုံစံငယ်များ၊ စတူဒီယို များဖြင့် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် အတွက် ဗဟုသုတဖြစ်ဖွယ် ခင်းကျင်းပြသမည် ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် MRTV ဧည့်ခန်းမတွင် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် MRTV Auditorium ခန်းမတွင် MRTV ဝန်ထမ်းများက တင်ဆက်ပြသမည့် “အဉ္ဇလီအငြိမ့်” ရိုက်ကူးရေးအားကြည့်ရှုအားပေးပြီး ဝန်ထမ်းများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
“အဉ္ဇလီအငြိမ့်” အဖွဲ့ဖြင့် တင်ဆက်ပြသမည်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ပြည်သူ များ ပျော်ရွှင်မှုရရှိစေရန်၊ အပန်းပြေစေရန်နှင့် စိတ် ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် ယခုအခါ အပတ်စဉ်စနေနေ့ ညပိုင်းတွင် အငြိမ့်သဘင် ဖျော်ဖြေမှုဖြင့် တင်ဆက်လျက်ရှိရာ လာမည့် အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် MRTV မှ ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်မည့် “အဉ္ဇလီ အငြိမ့်” အဖွဲ့ဖြင့် တင်ဆက်ပြသမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင် သံကြားအနေဖြင့် ပြည်သူများ ပျော်ရွှင်မှုရရှိစေရန် အတွက် ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ အပတ်စဉ် သောကြာနေ့ ညတိုင်းတွင် တေးဂီတ ဖျော်ဖြေပွဲများဖြင့်လည်းကောင်း၊ အပတ်စဉ် စနေနေ့ညပိုင်းတွင် အငြိမ့် သဘင်ဖျော်ဖြေမှုဖြင့်လည်းကောင်း၊ နိုင်ငံခြားရုပ်သံ ဇာတ်လမ်းတွဲများကို ညစဉ် ည ၇ နာရီ နောက်ပိုင်း တွင်လည်းကောင်း၊ စတီရီယိုနှင့် ခေတ်ပေါ်မြန်မာတေးသီချင်းများကို ညနေ ၆ နာရီ နောက်ပိုင်းမှ စတင်၍လည်းကောင်း ထုတ်လွှင့်ပေးလျက်ရှိပြီး ပိုမိုကောင်းမွန် ဆန်းသစ်သည့် ဖျော်ဖြေမှုအစီအစဉ် များကို ပိုမိုထုတ်လွှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်