MPT က Live Chatbot နှင့် IVR အလိုအလျောက်ဖြေကြားမှု ဝန်ဆောင်မှုများ စတင်

 

 

ရန်ကုန် နိုဝင်ဘာ ၁၆
နိုင်ငံတစ်ဝန်းရှိ MPT ဆင်းကတ် သုံးစွဲသူများ၏ နေ့စဉ်   ဆက်သွယ်ရေး  လိုအပ်ချက်များကို    ပိုမိုအဆင်ပြေချောမွေ့စွာ   ဆောင်ရွက်နိုင်ရန် အတွက်  MPT4U အက်ပလီကေးရှင်းနှင့် MPT ဝက်ဘ်ဆိုက်တို့တွင် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် Live Chatbot ဝန်ဆောင်မှုဖြစ်သည့် “တူတူ Chat” နှင့်  ကောစင်တာတွင်  အလိုအလျောက် အပြန်အလှန် ဖြေကြားပေးသည့်  IVR  စနစ်များကို  အသုံးပြုထားပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက်က သတင်းထုတ်ပြန်ထားသည်။
Live Chatbot ဝန်ဆောင်မှုဖြစ်သည့် တူတူChat ဖြင့် MPT သုံးစွဲသူ များသည် ဒေတာနှင့်  အသံ ပက်ကေ့ချ်များဝယ်ယူခြင်း၊ ထပ်ဆောင်း ဝန်ဆောင်မှုများ  ပယ်ဖျက်ခြင်း၊ လက်ကျန်ဖုန်းဘေလ် စစ်ဆေးခြင်း များအပြင်  ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း၊   MPT   Club ဝန်ဆောင်မှုများနှင့် MPT ၏ ပရိုမိုးရှင်းများကို အချိန်မရွေး   စုံစမ်းမေးမြန်း   အသုံးပြုနိုင်မည် ဖြစ်ကာ     မိုဘိုင်းဝန်ဆောင်မှုများသာမက အိမ်သုံး ဖိုင်ဘာအင်တာနက် (FTTH)နှင့်   စီးပွားရေးလုပ်ငန်းသုံး(B2B)     ဝန်ဆောင်မှုများအတွက် လိုအပ်သော အချက်အလက်များကိုလည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ    Chatbot   ကို    MPT4U   အက်ပလီကေးရှင်းသို့ ဝင်ရောက်လျှင်ဖြစ်စေ၊  mpt.com.mm ဝက်ဘ်ဆိုက်သို့ ဝင်ရောက် လျှင်ဖြစ်စေ  တွေ့မြင်ရမည်ဖြစ်ပြီး  ပထမဆုံး အနေဖြင့် ဘာသာစကားကို ရွေးချယ်၍ မိမိသိလိုသည်များကို ဆက်လက်ရွေးချယ်ပြီး မေးမြန်းသွား နိုင်မည်ဖြစ်သည်။  
IVR စနစ်သစ်မှာ အသုံးပြုသူများသည် MPT ၏ 106 Call Center သို့  ဖုန်းခေါ်ဆိုလျှင်  အလိုအလျောက်  ဖြေကြားပေးနိုင်သည့်  အသံ တုံ့ပြန်မှုစနစ်တစ်ခုဖြစ်ပြီး ဖုန်းခေါ်ဆိုသူများသည် IVR စနစ်မှ ပြော သည့်အချက်များကို နားထောင်၍ မိမိတို့ဖုန်းမှ သက်ဆိုင်ရာနံပါတ်များကို အဆင့်ဆင့် ရွေးချယ်နှိပ်ပေးခြင်းဖြင့် IVR စနစ်က သက်ဆိုင်သည့် တုံ့ပြန်မှုကို ပြုလုပ်ပေးမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုသူများသည် နံပါတ် များကို ရွေးချယ်သွားခြင်းဖြင့်  ဒေတာ၊ အသံနှင့် အခြားပက်ကေ့ချ်များ  ဝယ်ယူခြင်း၊ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း၊ လက်ကျန်ဖုန်းဘေလ်စစ်ဆေး ခြင်းနှင့် MPT Club အစရှိသည့် ဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။                             ကိုစိုး