
ရန်ကုန် ဇန်နဝါရီ ၁၉
ယခုနှစ် ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ MPT အသုံးပြုသူများ အနေဖြင့် အင်တာနက်ဒေတာသုံးစွဲမှုများ အတွက် ဝန်ဆောင်မှုနှုန်းထားနှင့် ဆင်းကတ် အသစ်များကို စတင်အသုံးပြုနိုင်ရန်ဆောင်ရွက် ပေးသည့်ဝန်ဆောင်မှု(SIM card activation) အပေါ်တွင် ပြောင်းလဲမှုများရှိမည်ဖြစ်ကြောင်း MPT က ဇန်နဝါရီ ၁၄ ရက်တွင် သတင်း ထုတ်ပြန်သည်။
ဥပဒေအရ ဆင်းကတ်အသစ်ကို စတင် အသုံးပြုနိုင်ရန်ဆောင်ရွက်သည့် ဝန်ဆောင်မှု အတွက် ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ကြိမ် တည်း ကျပ် ၂၀၀၀၀ တိတိ ပေးဆောင်ရမည် ဖြစ်ပြီး မိုဘိုင်းလ်၊ ကြိုးဖုန်းနှင့် ဖိုင်ဘာ နည်း ပညာများဖြင့် အသုံးပြုသော အင်တာနက် ဒေတာသုံးစွဲမှုများအတွက် ကုန်သွယ်လုပ်ငန်း ခွန် ၁၅ ရာခိုင်နှုန်း ကျသင့်စေရမည်ဖြစ်၍ MPT အင်တာနက်ဒေတာ သုံးစွဲမှုများအတွက် ဝန်ဆောင်မှုနှုန်းထားများနှင့် ဆင်းကတ် အသစ် စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေး သည့် ဝန်ဆောင်မှုတွင် ပြောင်းလဲမှုများရှိမည် ဖြစ်ကြောင်း၊ ဖုန်းခေါ်ဆိုမှု(အသံ)နှင့် စာတို (SMS)သုံးစွဲမှုများအတွက်မူ အသုံးပြုခများ ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်း အသုံးပြုနိုင် မည်ဖြစ်ကြောင်းနှင့် မည့်သို့ပြောင်းလဲမည်ကို သုံးစွဲသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများထံ အသိပေး အကြောင်းကြားသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာ လေးခုအနက် တယ်လီနောမြန်မာကလည်း ဥပဒေပြင်ဆင်မှုသည် ဖုန်းခေါ်ဆိုမှုနှင့် စာတို ပေးပို့မှုများအတွက် အကျိုးသက်ရောက်မှု မရှိကြောင်း၊ ဒေတာသုံးစွဲမှုအတွက်မူ ဥပဒေ အရ ဝန်ဆောင်မှုနှုန်းထားများ ပြောင်းလဲမှု ရှိလာနိုင်ကြောင်းနှင့် မည့်သည့်အချိန်တွင် မည်သို့မည်ပုံ ပြောင်းလဲမှုများရှိလာနိုင်မည်ကို သုံးစွဲသူများနှင့် လက်လီအရောင်း ကိုယ်စား လှယ်များထံ အချိန်နှင့်တစ်ပြေးညီ ဆက်လက် အသိပေးသွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု အော်ပရေတာများ အားလုံး အနေဖြင့်လည်း ပြင်ဆင်ပြောင်းလဲမှုများနှင့် သက်ဆိုင်ရာအိုင်တီစနစ်တို့ လိုက်လျောညီထွေ အောင် ပြင်ဆင်ပြောင်းလဲခြင်း မပြုနိုင်မီအချိန် အထိ ဆင်းကတ်အသစ်များရောင်းချမှုကို ရပ်တံ့ထားပြီးဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက် ကတည်းက ထုတ်ပြန်ကြေညာထားသည်။ အခြားအော်ပရေတာနှစ်ခုဖြစ်သော မိုင်တဲလ် နှင့် အူရီဒူးမြန်မာတို့ကမူ ဆင်းကတ်ဈေးနှုန်းနှင့် အင်တာနက်ဒေတာအသုံးပြုခ ပြောင်းလဲမည့် ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၇ ရက်အထိ ထုတ်ပြန်ခြင်းမရှိသေးသည်ကို တွေ့ရသည်။
ကိုစိုး