MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၀၀ ကော့သောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ထွက်ခွာ

 

ကော့သောင်း  နိုဝင်ဘာ   ၁၀


အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ   ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့်   မြန်မာအလုပ်သမား ၁၀၀ သည် ထိုင်းနိုင်ငံ၌ MoU စနစ်ဖြင့်   အလုပ်လုပ်ကိုင်ရန်   နိုဝင်ဘာ ၈ ရက်က ထွက်ခွာသွားကြောင်း သိရသည်။

 


အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ် အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီတစ်ခု ဖြစ်သည့်    S.M.Z ကုမ္ပဏီလီမိတက်က   ထိုင်းနိုင်ငံရှိ   Chicony Election (Thailand)  ကုမ္ပဏီလီမိတက်သို့ ပို့ဆောင်ရန်    အမျိုးသားအလုပ်သမား    ၄၀ နှင့် အမျိုးသမီးအလုပ်သမား ၆၀ ကို  နှစ်နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်း ဖြစ်ကာ    ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့်   ခေါ်ယူခဲ့ပြီး  ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်း ခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။

 


သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ် သမားများအား   ကော့သောင်းခရိုင်   အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊    လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဦးစီးဌာန     ကော့သောင်းခရိုင်ရုံး၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာဝန်ရှိ အဖွဲ့အစည်းများက   လိုအပ်သည့်   စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီ တာဝန် ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့်ကုမ္ပဏီ သို့ စနစ်တကျ ပို့ဆောင်ပေးခဲ့သည်။


ကျော်စိုး(ကော့သောင်း)