
မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန်ခြိမ်းခြောက်မှု၊
Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ
လုယက်မှုတို့မှ ကျူးလွန်သူတရားခံ ၁၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော် ဇွန် ၁၅
မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲတိုက်ခိုက်မှုများ ကျူးလွန်ခြင်း၊ ဓားပြမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုများကျူးလွန်ခြင်းတို့ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့ပေါ်၌ ပြည်သူများအား အထိတ်တလန့်ဖြစ်စေရန် ရည်ရွက်ချက်ဖြင့် ဖောက်ခွဲရေးသုံးပစ္စည်းများဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဇွန် ၁၂ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ ပေါ်ရပ်ကွက်များအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် မဟာမြိုင်(၂) ရပ်ကွက်၊ ၄၃ (အေ)လမ်း၊ ၆၁ လမ်းထောင့်ရှိ Royal Star စားသောက်ဆိုင်ရှေ့ တွင် အမျိုးသားနှစ်ဦးမှ လက်ပစ်ဗုံးတစ်လုံးနှင့် ဓားမြှောင် တစ်ချောင်းတို့ကို ကိုင်ဆောင်၍ ဆိုင်ဝန်ထမ်းများအား ရန်ရှာခြိမ်းခြောက်နေ ကြောင်းသတင်းအရ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ရာ လက်ပစ်ဗုံးဖြင့်ဖောက်ခွဲရန် ခြိမ်းခြောက်ခဲ့သူ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် ဒ-၉/၁၀၆ နေ ဝင်းမြိုင် (၅၆)နှစ်၊ (ဘ) ဦးချစ်ခင် အား MG-1 လက်ပစ်ဗုံးတစ်လုံး၊ အရိုး အသွား ၁၃ လက်မခန့်ရှိ ဓားအိမ်ပါ ဓားဦးချွန်တစ်ချောင်းဖြင့် လည်းကောင်း၊ ဓားဦးချွန်ကိုင်ဆောင် ခြိမ်းခြောက်ခဲ့သူ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာရှိ အောင်မြေမန္တလာ ဝန်ထမ်းအိမ်ရာနေ ကျော်ဇေယျာ (၃၉)နှစ်၊ (ဘ)ဦးကျော်ဌေးအောင်အား ဓားဦး ချွန် တစ်ချောင်းဖြင့်လည်းကောင်း ဇွန် ၁၃ ရက် နံနက် ၁ နာရီတွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များအတွင်း လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ) ရှရစ်ဘိုင်(၃၂)နှစ်၊ (ဘ)ဦးအောင်သန်းအား ဇွန် ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ဘုံးအိုး ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိနိုင်ရေး
စစ်ဆေးချက်အရ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး (ခ)ရှရစ်ဘိုင်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း စစ်ကိုင်းမြို့နှင့် မန္တလေး မြို့များအတွင်း ခိုးမှုနှင့်လုယက်မှု နှစ်မှုတို့ ဖြင့် ထောင်ဒဏ် လေးနှစ် ကျခံခဲ့ရဖူးသူ ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် မေလ အတွင်း ၎င်းသည်ဖမ်းဆီးရန်ကျန်တရားခံ ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာနေ မျိုးမင်းလတ်နှင့်အတူ အမရပူရမြို့နယ် အတွင်းရှိ ရန်ကုန် -မန္တလေး အမြန်လမ်းမ ကြီး ကျောက်စိမ်းဘုရားအနီး၊ စွယ်တော် ဘုရားအရှေ့ဘက်ပွဲရုံ တိုက်တန်းအနီး၊ မြစ်ငယ် - စစ်ကိုင်းသွား ကားလမ်းရှိ ကျောက်စိမ်းဘုရားအနီး၊ မြစ်ငယ်-အုန်းချောသွား ကားလမ်းရှိ စိတ်ကျန်းမာ ရေးဆေးရုံအနီး၊ ရန်ကုန်-မန္တလေးကား လမ်းဟောင်းဘေးရှိ နတ်ရေကန်ကျေးရွာ အနီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ တံခွန်တိုင် အဝိုင်းအနီး၊ ၇၃ လမ်းရှိ ယာယီကားကြီးကွင်းအနီး စုစုပေါင်း နေရာ ခုနစ်ခုတို့တွင် ဆိုင်ကယ်စီးနင်း သွားလာသူများထံမှ ရွှေထည်ပစ္စည်းများ အား လုယက်မှု ခုနစ်ကြိမ် ကျူးလွန်ခဲ့သူ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး အမှု များမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေးနှင့် အမှုမှဖမ်းဆီးရန် ကျန်တရားခံ မျိုးမင်းလတ်အား ဖမ်းဆီး ရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိသည်။
အလားတူ ၂၀၂၄ ခုနှစ် ဇွန် ၂ ရက်နှင့် ၁၂ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီးအောင်မြေသာစံမြို့နယ်နှင့် မဟာ အောင်မြေမြို့နယ်တို့ရှိ Sky Mobile Phone အရောင်းဆိုင်နှင့် Paradise Mobile Phone အရောင်းဆိုင်တို့ရှိ လက်ကိုင်ဖုန်းမျိုးစုံ ၂၅ လုံးကို ဓားရှည် များ ကိုင်ဆောင်အသုံးပြု၍ လုယက် ယူဆောင်ခဲ့သူ တရားခံများအား ဖမ်းဆီး ရမိနိုင်ရေး လုံခြုံရေးအထောက်အကူပြု ပစ္စည်းမှ ရရှိသည့်အချက်အလက်များနှင့် ဒုစရိုက်မှုကိုမလိုလားသူ ပြည်သူများ၏ သတင်းပေးပို့ချက်အရ စုံစမ်းဖော်ထုတ် ခဲ့ရာ ၂၀၂၄ ခုနှစ် ဇွန် ၁၃ ရက် နံနက် ၁၁ နာရီတွင် လုယက်မှုကျူးလွန်သူများဖြစ် ကြသည့် တရားခံ ကျော်ဇင်ခန့်(ခ)ငပြူး (၂၀)နှစ်၊ (ဘ) ဦးဇော်မင်းနောင်အား မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ် ရပ်ကွက်၊ ၃၈လမ်း၊ ၆၉ လမ်းနှင့် ၇၀ လမ်းကြားရှိ နယူးရွှေထိပ်တန်းတည်းခို ခန်း၊ အခန်းအမှတ် B-1 တွင်လည်း ကောင်း၊ ဟိန်းမင်းစိုး (ခ)ဖိုးသား(၂၈)နှစ်၊ (ဘ)ဦးစိုးမြင့်အား ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား ၁၁၂ လမ်းပေါ်ရှိ Maple တည်းခိုခန်း အခန်းအမှတ်(၃၀၅)တွင် လည်းကောင်း လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် I Phone အမျိုးအစား လက်ကိုင်ဖုန်း ကိုးလုံး၊ Redmi A3 အမျိုး အစား လက်ကိုင်ဖုန်း ခုနစ်လုံးနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားရှည် နှစ်ချောင်းတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ထပ်မံဖမ်းဆီးရမိ
ဖမ်းဆီးရမိတရားခံ ကျော်ဇင်ခန့်(ခ)ငပြူးနှင့် ဟိန်းမင်းစိုး(ခ)ဖိုးသားတို့၏ ထွက်ဆိုချက်အရ ၎င်းတို့ နှစ်ဦးမှ Mobile Phone အရောင်းဆိုင်များအား လုယက်မှု ကျူးလွန်စဉ် ဖမ်းဆီးရန်ကျန်တရားခံ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာနေ မိုးဆန်းအောင် (ခ) ပိစိ (၂၉) နှစ်၊ (ဘ)ဦးအေးဆောင်က ဆိုင်ကယ်ဖြင့် လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လုယက်ရာမှ ရရှိသည့် လက်ကိုင်ဖုန်းများအား အပေါင်ခံသူများဖြစ်ကြသည့် ရန်ကျော် (၃၄) နှစ်၊ (ဘ) ဦးခင်မောင်ဝင်း၊ မောင်မောင်ချစ်(၂၉)နှစ်၊ (ဘ) ဦးမောက်၊ ဌေးမင်းသူ(၃၄)နှစ်၊ (ဘ)ဦးသိန်းမောင် တို့နှင့် လုယက်ရာမှရရှိသည့် လက်ကိုင် ဖုန်းများအား ရောင်းချပေးသူများဖြစ်ကြ သည့် ခိုင်ဇာလင်း (၂၀)နှစ်၊ (ဘ)ဦးလင်းထိန်၊ သက်သက်ဦး (၁၆)နှစ်၊ (ဘ)ဦးအောင်မျိုးဝင်းနှင့် ဖွေဖွေးလှိုင်(ခ)မျိုးသန္တာလှိုင်(၁၆)နှစ်၊(ဘ)ဦးနိုင်ဝင်း တို့အား ယင်းနေ့ နေ့လယ် ၂ နာရီတွင် ၎င်းတို့၏ နေအိမ်အသီးသီး၌လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက် များအရ ကျော်ဇင်ခန့် (ခ) ငပြူး၊ ဟိန်းမင်းစိုး (ခ) ဖိုးသားနှင့် ဖမ်းဆီးရန် ကျန်တရားခံ မိုးဆန်းအောင်(ခ)ပိစိတို့ သုံးဦးသည် ဇွန်လအတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်များ၌ ဓားထောက်၍ ဆိုင်ကယ် လုယက်မှု သုံးမှုအား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး အဆိုပါ အမှုများမှ CZI အမျိုးအစား သက်သေခံဆိုင်ကယ် တစ်စီးအား သိမ်းဆည်းရမိခဲ့ကာ ကျန်သက်သေခံ ပစ္စည်းများအား ထပ်မံ သိမ်းဆည်းရမိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ဖြစ်စဉ်များတွင် မန္တလေးမြို့ပေါ် ရပ်ကွက်များအတွင်း ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုကျူးလွန်ခဲ့ကြသူ ဖမ်းဆီးရမိ တရားခံ စုစုပေါင်း ၁၁ ဦးတို့အား သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် အမှု များ ဖွင့်လှစ်ထားရှိပြီး ကွင်းဆက်တရားခံ နှင့် ဖမ်းဆီးရန်ကျန်တရားခံများ ထပ်မံ ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများ အနေဖြင့် ရပ်ရွာများအတွင်း အကြမ်းဖက် မှုများနှင့် ဒုစရိုက်မှုများ မဖြစ်ပွားစေရေး အကြမ်းဖက်သမားများနှင့် ဒုစရိုက် သမားများ၏ လှုပ်ရှားဆောင်ရွက်မှု သတင်းများအား သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အသိပေးသတင်းထုတ်ပြန် ထားသည်။ သတင်းစဉ်