
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၄) ပွဲစဉ်တွေကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းမှာ ဆက်လက်ယှဉ်ပြိုင် ကစားသွား မှာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ အာဆင်နယ်၊ ရီးရဲမက်ဒရစ်အသင်း တို့ ပါဝင်နေတာကြောင့် စိတ်ဝင် စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဂါလာတာစာရေးအသင်းပွဲစဉ်ကို နံနက် ၂ နာရီခွဲမှာ ဘိုင်ယန်မြူးနစ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ဂါလာတာစာရေးအသင်းအတွက် အုပ်စု နောက်တစ်ဆင့်တက်ဖို့ အရေးပါတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အကြိတ်အနယ် ရှိလာမှာ သေချာတယ်။ ဒီနှစ်သင်း ပထမအကျော့ မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက သုံးဂိုး - တစ်ဂိုးနဲ့ အနိုင်ရရှိထားတယ်။
ရမှတ်လိုအပ်ချက်အရ ကိုပင်ဟေဂင် ရော မန်ယူအသင်းပါ မဖြစ်မနေ နိုင်ပွဲ ရယူဖို့ လိုအပ်နေပါတယ်။ ပထမအကျော့ မှာ မန်ယူအသင်းက တစ်ဂိုး - ဂိုးမရှိနဲ့ နိုင်ပွဲ ရရှိထားတယ်ဆိုပေမယ့် ခြေစွမ်းပိုင်း ကောင်းမွန်မှုမရှိဘူး။ ယခုပွဲစဉ် အနိုင် ရမှသာ နောက်တစ်ဆင့် တက်ရေး မျှော်လင့်ချက် အားကောင်းလာမှာဖြစ်တဲ့ မန်ယူအသင်းအတွက် အမှားခံလို့ မရဘူး။ ဒီပွဲစဉ်ကိုလည်း နံနက် ၂ နာရီခွဲမှာ ယှဉ်ပြိုင် ကစားသွားမှာပါ။
ပထမအကျော့မှာ အာဆင်နယ်က အကြိတ်အနယ်ကစားပြီး ဆီဗီလာကို နှစ်ဂိုး - တစ်ဂိုးနဲ့ အနိုင်ရရှိထားတာ ကြောင့် ယခုဒုတိယအကျော့မှာ ဆီဗီလာ အသင်းအနေနဲ့ ရလဒ်ကောင်းရရှိဖို့ ခြေကုန်ထုတ်လာမှာ သေချာတယ်။ အာဆင်နယ်အသင်းကလည်း နောက် တစ်ဆင့်တက်ရေး ရမှတ်လိုအပ်ချက် ရှိနေတဲ့အတွက် အမှားခံမှာ မဟုတ်ဘူး။ ဒီပွဲစဉ်ကိုလည်း နံနက် ၂ နာရီခွဲမှာ ယှဉ်ပြိုင် ကစားသွားမှာပါ။
ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲ ရရှိထားတဲ့ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ယခုအကြိမ်မှာလည်း ပေါ်တူဂီကလပ် ဘရာဂါအသင်းကို ထပ်မံအသာရယူသွား ဖွယ်ရှိတယ်။ ဒါပေမယ့် ဘရာဂါအသင်း ကလည်း နောက်တစ်ဆင့် တက်လှမ်းဖို့ အတွက် အသင်းကို အကောင်းဆုံးပြင်ဆင် လာမှာဖြစ်တာကြောင့် ရီးရဲမက်ဒရစ် အသင်းအနေနဲ့ ကစားပုံ သာမန်အောက် ကျဆင်းခဲ့ရင် မထင်မှတ်ဘဲ အရေးနိမ့်သွား နိုင်တယ်။ ဒီပွဲစဉ်ကိုလည်း နံနက် ၂ နာရီခွဲ မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။
အောင်ဇော်