မန္တလေးတွင် ရေလုပ်သားနှစ်ဦးက   ငါးဖမ်းထွက်စဉ် ဧရာဝတီလင်းပိုင် သားပေါက် သုံးကောင်ကို မျိုးဆက်သစ်အဖြစ် ထပ်မံတွေ့ရှိခဲ့

 

ရန်ကုန်   ဒီဇင်ဘာ   ၂၈
မန္တလေးတွင် ရေလုပ်သား နှစ်ဦး   ငါးဖမ်းထွက်စဉ်   ဧရာဝတီ လင်းပိုင် သားပေါက် သုံးကောင်ကို  မျိုးဆက်သစ်အဖြစ်  ထပ်မံ တွေ့ရှိခဲ့ကြောင်း ကာယကံရှင် ရေလုပ်သားနှင့် ပညာရှင်တစ်ဦး၏ အတည်ပြုပြောကြားချက်အရ သိရသည်။


မန္တလေးနှင့် ကျောက်မြောင်းကြားတွင် ဒီဇင်ဘာ ၂၁ ရက်က ငါးဖမ်းစဉ်  အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်းဖြစ်ကာ  တစ်တောင် နီးပါးအရွယ် သားပေါက်ငယ်  တစ်ကောင်နှင့် နှစ်တောင်နီးပါးအရွယ် ခန့်ရှိ သားပေါက်ငယ် နှစ်ကောင်ဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့ရသူ ရေလုပ်သား   နှစ်ဦးအနက်  တစ်ဦးဖြစ်သူ   ဦးအောင်သင်းက ပြောကြားသည်။


“လင်းပိုင်သားပေါက် သုံးကောင်ကို  တွေ့ခဲ့တာဟုတ်ပါတယ်။ တစ်တောင်လောက် တစ်ကောင်၊ နှစ်တောင်လောက် နှစ်ကောင်ကို တွေ့ခဲ့တာပါ။   ဒီနှစ်ပေါက်လေးတွေပါ”  ဟု  ဦးအောင်သင်းက ဆိုသည်။


ယင်းကဲ့သို့ လင်းပိုင်တွေ့ရှိမှုနှင့် ပတ်သက်၍ နှစ်သစ်တွင် ကြားရသည့်   မင်္ဂလာသတင်းတစ်ခုပင်ဖြစ်ကြောင်း   ဧရာဝတီ လင်းပိုင်အရေးကျွမ်းကျင်သူ  ပညာရှင်တစ်ဦးက   အတည်ပြု ပြောကြားကာ  အဆိုပါသားပေါက်ငယ်များကို မြင်ရခြင်းသည် အကောင်ရေတိုးလာခြင်းကို  သိရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။            


စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသနှင့် ရွှေဘိုကျောက်မြောင်းတွင် ဧရာဝတီမြစ်အတွင်း နိုင်ငံခြားသားခရီးသွားများ   ဧရာဝတီလင်းပိုင် ကြည့်ရှုရေးခရီးစဉ်ကို  ၂၀၂၄  ခုနှစ်  ဖေဖော်ဝါရီ လဆန်း၌ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက်  သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)၊ ဟိုတယ်တည်းခိုရိပ်သာလုပ်ငန်းရှင်များအသင်း နှင့် ရေလုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်း၍ ခရီးသွား ရာသီတွင် လင်းပိုင်နှင့် သဘာဝအလှကိုချစ်မြတ်နိုး သည့် နိုင်ငံခြားသားခရီးသွားများ ကြည့်ရှုလေ့လာ နိုင်ရန်  ဧရာဝတီလင်းပိုင်ကြည့်ရှုရေးခရီးစဉ်ကို ရေးဆွဲဆောင်ရွက်နေကြောင်းလည်း သိရသည်။


ဧရာဝတီလင်းပိုင်များ   မျိုးသုဉ်းမှုမရှိစေရန် ငါးလုပ်ငန်းဦးစီးဌာနမှ  သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြစ်အတွင်း ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်း၊ မျှောပိုက်ချခြင်း တို့မှ လင်းပိုင်များ ထိခိုက်နာကျင်သေဆုံးမှု မရှိ စေရန် ရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်ခြင်း၊ ကျေးရွာများတွင် အသိပညာပေး ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


MT