
မန္တလေး မတ် ၁
သူနာပြုသင်တန်းကျောင်း(မန္တလေး) ၏ သူနာပြု၊ သားဖွား(ဒီပလိုမာ) သင်တန်းသား၊ သင်တန်းသူများ အား သင်တန်းဆင်းအောင်လက်မှတ် အပ်နှင်းခြင်း နှင့် အလုပ်ခန့် အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါ ကျောင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သူနာပြုတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ သူနာပြုသင်တန်း ကျောင်းအုပ်ကြီး၊ ဆေးရုံအုပ်ကြီးများ၊ သင်တန်းသား သင်တန်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် သူနာပြုသင်တန်းကျောင်း (မန္တလေး) ကျောင်းအုပ် ကြီး ဒေါ်စန်းစန်းဦးတို့က မန္တလေးမြို့၊ ကလေးမြို့၊ လားရှိုးမြို့ သူနာပြုသင်တန်းကျောင်းများအလိုက် သင်တန်းဆင်း အောင်လက်မှတ်များကို သင်တန်း သား သင်တန်းသူများထံ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၁၆၂၀၀၀၀ ပေးအပ်ပြီး သင်တန်း သား သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး အိမ်ရာဝင်းအနီး တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင် များ၏ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြသမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံ၊ ယခု ဘဏ္ဍာနှစ်တွင် ဝယ်ယူထားသည့် မီးငြှိမ်းသတ်ယာဉ် များ၊ လူနာတင်ယာဉ်၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း အထောက်အကူပြု ဩစတြေးလျ နိုင်ငံထုတ် Luf-60 အဝေးထိန်းယာဉ်၊ စက်များ၏ အသုံးပြုပုံနှင့် စွမ်းဆောင်ရည်များကို ရှင်းလင်းပြသသည်။
ထို့နောက် ဝန်ကြီးချုပ်က မကြာမီနွေရာသီ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး အတွင်း ခရိုင်၊ မြို့နယ်များအထိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် လူအင်အား၊ အထောက်အကူပစ္စည်းများ အသင့်စုဖွဲ့ပြင်ဆင် ထားရေးနှင့် အမြဲမပြတ်လေ့ကျင့်နေရေး၊ နည်းပညာ မြင့် စက်ပစ္စည်းများကို ကျွမ်းကျင်သူများဖြင့် ဂရုတစိုက်ကိုင်တွယ် အသုံးပြုသွားရေးနှင့် စက် ပစ္စည်းများ၏ သတ်မှတ်သက်တမ်းအထိ သုံးစွဲနိုင်ရန် စနစ်တကျ ထိန်းသိမ်းထားရှိသွားရေးတို့ကို မှာကြားပြီး စုဖွဲ့လေ့ကျင့်ထားသည့် မီးသတ်တပ်ဖွဲ့ဝင် များနှင့် စက်ပစ္စည်းများ၏ စွမ်းဆောင်ရည် သရုပ် ပြသမှုများကိုကြည့်ရှုကာ မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုငွေကျပ်၂၅ သိန်း ပေးအပ်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်