
မန္တလေး ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (Mandalay Region Chamber of Commerce & Industry –MRCCI)အသင်းမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခြင်းအခမ်းအနားကို ဇွန် ၂၂ရက် ညနေပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်း အဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ MRCCI မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများတက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ ဒေသဆိုင်ရာ စီးပွားရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် MRCCI အသင်း၏ ကဏ္ဍမှာ များစွာအရေးကြီးကြောင်း၊ အသင်း၏ရည်ရွယ်ချက် များ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာ ဈေးကွက်များကပါ လက်ခံနိုင်သည့်အရည်အသွေး မြင့်ထုတ်ကုန်များ ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲနေသည့် နည်းပညာများနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ကြရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီးပွားရေး ကျင့်ဝတ်နှင့်အညီ ရေရှည်ကူးသန်းရောင်းဝယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစနစ်ကို ဦးတည်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) ဥက္ကဋ္ဌ ဦးဝင်းဌေးက အသင်း၏ ရည်ရွယ်ချက်များနှင့် လှုပ်ရှားဆောင်ရွက်မှုများ၊ နိုင်ငံတော်က ချမှတ်ထား သည့် စီးပွားရေးမူဝါဒများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အသင်းသား ဦးရေ ၃၆၀၀ ကျော်၊ လုပ်ငန်းကော်မတီ ၁၃ ခု၊ ညီနောင်အသင်း ၄၅ သင်း၊ မိတ်ဖက်အသင်း သုံးသင်း ရှိပြီး စီးပွားရေးနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် အားတက်သရောပါဝင် ဆောင်ရွက်နေမှု၊ နိုင်ငံတကာ နှင့် ကုန်သွယ်ရေး၊ စီးပွားရေးအပြန်အလှန် ဆောင်ရွက်နေမှု၊ ကြုံတွေ့နေရသည့်အခြေအနေများ နှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြဆွေးနွေးပြီးနောက် MRCCI မှ တာဝန်ရှိသူများ က ကဏ္ဍအလိုက်ဆောင်ရွက်နေသည့်လုပ်ငန်းများ၌ ကြုံတွေ့နေရသည့် အခြေအနေများနှင့် အကြံပြုချက် များကို တင်ပြဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က MRCCI မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြ အကြံပြုဆွေးနွေးချက်များနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၏ ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်