
မန္တလေး ဇွန် ၂၉
မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ် တွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘတ်ဂျက် အရ၊ အသုံးခန့်မှန်းခြေငွေစာရင်းများ တင်ပြတောင်းခံထားသည့် ကိစ္စနှင့်စပ်လျဉ်း၍ စိစစ် ညှိနှိုင်းခြင်း အစည်းအဝေးကို ယနေ့ နံနက် ၉နာရီ က တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး လွှတ်တော်ရုံးဟောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက ဘတ်ဂျက်များ ရေးဆွဲရာတွင် ရရှိသောငွေ၊ ပြီးစီးနိုင်သောအခြေအနေ၊ အချိန်ကာလသတ်မှတ်ချက်များကို ထည့်သွင်း စဉ်းစားရန်၊ ဌာနနှင့်တိုင်းဒေသကြီးအတွက် အကျိုး ရှိမည့် လုပ်ငန်းများကို ဦးစားပေးရန်နှင့် အဆောက် အဦ ၊ စက်ကိရိယာများအတွက် တင်ပြတောင်းခံရာ တွင် ဌာနတစ်ခုနှင့်တစ်ခု တွက်ချက်နှုန်းထားများ တူညီရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသိန်းဌေးက မီနီဘတ်ဂျက် ရေးဆွဲရာတွင် သတ်မှတ်မူဘောင်အတွင်း ရေးဆွဲရ မည့်ကိစ္စရပ်များ၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်း ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ရသုံး၊ ခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆွေ က ၂၀၂၁-၂၀၂၂ခုနှစ် မီနီဘတ်ဂျက်အား ငွေစာရင်း ခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ရန်ပုံငွေအစီအစဉ်တွင်ပါဝင်သော ဌာနဆိုင်ရာ၊ အဖွဲ့အစည်း ၃၃ ခုတို့မှ တာဝန်ရှိသူများ က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆လ အတွက် ငွေစာရင်းခေါင်းစဉ်များ အလိုက် ရငွေ၊ သုံးငွေ မီနီဘတ်ဂျက်အတွက် လျာထားချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်