မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများကို အများပြည်သူသိရှိစေရန် ပြပွဲပြုလုပ်မည်

 

မန္တလေး  ဒီဇင်ဘာ  ၂၁


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ MSME  လုပ်ငန်း များ၏ ထုတ်ကုန်ပစ္စည်းများကို  ပြခန်းပေါင်း ၁၄၀ ဖြင့်   အများပြည်သူသိရှိစေရန်    ပြပွဲပြုလုပ်မည် ဖြစ်ကြောင်း    တိုင်းဒေသကြီး  စက်မှုကြီးကြပ်ရေး နှင့်   စစ်ဆေးရေးဦးစီးဌာနမှ       ညွှန်ကြားရေးမှူး   ဦးမျိုးထွဋ်ဆွေက ပြောသည်။

 


 အဆိုပါ ပြပွဲကို  တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး  ပြသဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းထုတ်ကုန်ပစ္စည်းပြပွဲကို မန္တလေး မြို့ မန္တလာသီရိအားကစားကွင်း၌  ပြခန်းပေါင်း ၁၄၀ ဖြင့်   ဒီဇင်ဘာ  ၂၆  ရက်မှ  ၂၈  ရက်အထိ သုံးရက် ကြာ ပြသမည်ဖြစ်ကြောင်း၊   ထိုသို့ပြသနိုင်ခြင်း ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့်အတူ ဈေးကွက်များလည်း    ချဲ့ထွင်နိုင်မည်ဖြစ် ကြောင်း သိရသည်။

 


“တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြသသွားမှာပါ။ ဒီပြပွဲ ပြသ တဲ့အတွက်ကြောင့်      ထုတ်လုပ်တဲ့    ထုတ်ကုန် အချင်းချင်းလည်း ဖလှယ်လို့ရမယ်။   နည်းပညာ များလည်း  ဖလှယ်လို့ရမယ်။   ပြည်တွင်းထုတ်တဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း    အချင်းချင်းအရည် အသွေး ယှဉ်ပြိုင်လို့ရတာနဲ့အတူ ဈေးနှုန်းတွေလည်း ယှဉ်ပြိုင်နိုင်မယ်။ ထုတ်ကုန်တွေကိုလည်း ပြည်နယ်၊ တိုင်းဒေသကြီးတွေက အများပြည်သူတွေ  သိရှိစေမယ့် အကျိုးကျေးဇူးတွေရရှိမယ်။ ဒီကတစ်ဆင့် ပြည်တွင်း သာမက  ပြည်ပကိုပို့လို့ရအောင်    နည်းပညာပံ့ပိုးမှု တွေ ဆက်လက်ဆောင်ရွက်ပေးပြီးမှ ထိုးဖောက်နိုင် အောင် ဆောင်ရွက်မယ်။ ဒီထုတ်ကုန်ပြပွဲက အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင် ထားတဲ့လုပ်ငန်း တွေလည်း ပါဝင်ပြသသွားမှာကြောင့် နှစ်ဌာနပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒီပြပွဲမှာပြသ ရင်းနဲ့ ရောင်းချပေးသွားမှာပါ”ဟု ၎င်းက‌ပြောသည်။ 

 


အဆိုပါပြပွဲတွင်     ထုတ်ကုန်အမျိုးအစားများ အနေဖြင့်    စားသောက်ကုန်လုပ်ငန်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးနှင့် နှီးနွှယ်သည့် ထုတ်ကုန်ပစ္စည်းများ၊ ကဏ္ဍအသီးသီးမှ ထုတ်ကုန် ပစ္စည်းများစွာ ပါဝင်မည်ဖြစ်ပြီး ယင်းပြပွဲ၌ စုစုပေါင်း လုပ်ငန်းရှင် ၁၄၀ ခန့်မှန်းထားကာ ပြခန်းပေါင်း ၁၄၀ ဖြင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

မောင်အေးချမ်း