
မန္တလေး ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် ကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ပညာရှင်များအား ဆေးထိုးစုရပ် နေရာဖြစ်သော အမျိုးသားဇာတ်ရုံ(မန္တလေး) ၌ ကာကွယ်ဆေးထိုးနှံ ပေးသည်။
အဆိုပါစုရပ်နေရာတွင် နံနက် ၁၀နာရီမှ စတင်၍ ကာကွယ်ဆေး ထိုးနှံရန် လျာထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ ပညာရှင်ဦးရေ ၁၀၀ အနက် ၆၂ ဦးကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံပေးကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုနှင့် စပ်လျဉ်း၍ အနုပညာဦးစီးဌာန (မန္တလေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေက “ဒီနေ့ဆေးထိုးနှံမှုမှာ အသက် ၆၀ နှစ်အထက်နဲ့ အသက် ၆၀ နှစ် အောက်ဆိုပြီး လျာထားဆောင်ရွက်ပါတယ်။ အသက် ၆၀ နှစ်အောက် ကို မြို့နယ်အတွင်းရေးမှူး၊ မြို့နယ်အမှုဆောင် စသဖြင့် သဘင် လုပ်ငန်းတွေမှာ လှုပ်ရှားဆောင်ရွက်နေတဲ့သူတွေကို အဓိက ထိုးပေးခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ပညာရှင် တွေကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမဦးဆုံးအကြိမ် ထိုးနှံပေးခြင်းလည်းဖြစ်ပါတယ်” ဟုပြောသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံသူ သဘင်ပညာရှင် ဦးချစ်စွမ်းသာ က “ဒီအချိန်က ကျန်းမာရေးဂရုစိုက်ဖို့ အရေးတကြီးလိုအပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ကျန်းမာမှသာ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာတွေကို လုပ်ခွင့်ရှိမှာဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်က ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကိုယ်ကကာကွယ်ထားမှ သူများ ကို ကူညီနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိရှိနဲ့ သူများကိုကူညီနိုင်ရတာ ပိုပြီးဝမ်းသာဖို့ကောင်းပါတယ်။ အခုလို ကျွန်တော်တို့ သဘင်ပညာရှင် တွေကို ကာကွယ်ဆေးထိုးနှံပေးလို့ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် တို့ သဘင်ပညာရှင်တွေဟာ လူအများနဲ့ဆက်ဆံရတာဖြစ်တဲ့အတွက် ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ အဓိက ကိုယ်ခံအားကောင်းဖို့ ကြိုးစားရမယ်။ လိုအပ်မယ့်ဆေးဝါး ကြိုတင်ဆောင်ထားရမယ်။ ရောဂါပိုးကူးစက်ခံရရင်လည်း ဘာမှအားငယ်စရာမလိုပါဘူး။ ကိုယ်ခံအားကောင်းရင် ခုခံနိုင်စွမ်းရှိပါတယ်။ ကာကွယ်မှုအနေနဲ့ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ရမယ်။ အတတ်နိုင်ဆုံး လူစုလူဝေး ရှိရာမသွား ဖို့လိုအပ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို အသိပညာပေးပါလို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
ထို့ပြင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ သဘင်ပညာရှင် ဒေါ်ခင်ဝင်းကလည်း “ကိုဗစ် - ၁၉ ရောဂါက တစ်ကမ္ဘာလုံးနဲ့ချီပြီး ဖြစ်နေတဲ့အတွက် ကာကွယ်ဆေးထိုးနှံထားတာ အကောင်းဆုံးပါပဲ။ ပြည်သူတွေအနေနဲ့လည်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို ယုံယုံ ကြည်ကြည်နဲ့ ထိုးနှံကြဖို့ ဖိတ်ခေါ်လိုပါတယ်။ ရောဂါပိုးကူးစက်ခံရ ရင်လည်း စိတ်ဓာတ်မကျဖို့ လိုအပ်ပါတယ်။ ပုံမှန်စား၊ ပုံမှန်အိပ်ပါ။ ရောဂါအမြန်ဆုံးပျောက်ကင်းရမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ နေထိုင်ပါ။ နိုင်ငံတော်အစိုးရရဲ့ ကိုဗစ် - ၁၉ ရောဂါ အတွက်လမ်းညွှန်ချက် တွေကိုလည်း လိုက်နာပါလို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။
ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးသည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများ နာရီဝက်နားနေနိုင်စေရန် နားနေခန်းများ စီစဉ်ဆောင်ရွက်ထားပေးခြင်း၊ အနားယူနေစဉ် အချိန်အတွင်း ရုတ်တရက် ကျန်းမာရေးချို့ယွင်းလာပါကလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခြင်းတို့အပြင် ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါကလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်း