
နေပြည်တော် ဖေဖော်ဝါရီ ၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် မန္တလေး - လားရှိုး - ဗန်းမော် - မြစ်ကြီးနား (ပြင်ဦးလွင်- မန္တလေး)လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်း ကျေးရွာအုပ်စု ရေကြည်မြောက်ကွင်း ကွင်းအမှတ် (၅၀၆)တွင် ဆောင်ရွက်လျက်ရှိသည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက် အဦဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းက ပြည်သူ့အငှား အိမ်ရာ စီမံကိန်းကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကိုဗစ်ကာလ စီးပွားရေးထိခိုက်မှု ကုစားမှု (CERF) အစီအစဉ်အရ ပြည်သူများ အလုပ် အကိုင်ရရှိရေးနှင့် ဝင်ငွေနည်းပြည်သူများ နေရာ ဖြေရှင်းနိုင်ရန်အတွက် ပြည်သူ့အငှားအိမ်ရာစီမံကိန်း အိမ်ရာအခန်း ၁၀၀၀၀ တည်ဆောက်ရေးစီမံကိန်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူဦးရေထူထပ်သော မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အငှားအိမ်ရာစီမံကိန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၂၁)ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ သတ်မှတ်ချိန် အချိန်မီပြီးစီးရေး၊ အရည်အသွေး စံချိန်၊ စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ အဆောက်အအုံနှင့်အတူ ရေ၊ မီးပါ တစ်ပြိုင်တည်းရရှိရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်ရာ စီမံကိန်း ရေပေးဝေမှုဆောင်ရွက်မည့် အစီအမံ၊ အိမ်ရာ စီမံကိန်း အဝင်/အထွက် လမ်းနေရာတို့ကို ကွင်းဆင်း ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးတွင် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဌာန ငါးခုတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းရေးရာကိစ္စရပ်များ ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်