
မန္တလေး ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့၊ ကူညီ၊ ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်သိုလှောင်ထားရှိပြီးဖြစ်ကြောင်း တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့နယ်ရုံးကိုးရုံး၊ ခရိုင်ရုံးငါးရုံး ဖွင့်လှစ်ထားရှိပြီး ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ်ရုံးများတွင် အိမ်ထောင်စု ၅၀ စာ၊ ခရိုင်ရုံးများတွင် အိမ်ထောင်စု ၅၀၀ စာ၊ တိုင်းဒေသကြီးရုံးတွင် အိမ်ထောင်စု ၂၀၀၀ စာအတွက် သိုလှောင်ထားရှိပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးအေးမင်းသူက ပြောသည်။
“မြို့နယ်ရုံးနဲ့ ခရိုင်ရုံး မဖွင့်နိုင်တဲ့နေရာတွေမှာဆိုရင် တိုင်းဒေသကြီး ရုံးကပဲ သွားရောက်ထောက်ပံ့လျက်ရှိပါတယ်။ သဘာဝဘေးအန္တရာယ် အများအပြားခံစားရတာက မြစ်ရေကြီးခြင်းအန္တရာယ်ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုအတွက် ကြိုတင် ပြင်ဆင်မှုကောင်း ရင် တုံ့ပြန်ရေးကောင်းတယ်။ တုံ့ပြန်ရေးကောင်းရင် ဘေးအန္တရာယ် တော့ ကျရောက်သွားတယ်။ ဒါပေမယ့် ကျရောက်သွားတဲ့ ဘေးအန္တရာယ် ပြင်းအားအတိုင်း ခံစားမှုမရှိဘဲ လျော့ပါးသွားမယ်။ ဒီလိုအခြေအနေ ကို တည်ဆောက်နေခြင်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့အချိန် မှာလည်း သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်မှုဆောင်ရွက်နေသည့်အဖွဲ့များသာမက ပြည်သူလူထုအဓိကပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပြည်သူပူးပေါင်းဆောင်ရွက်မှသာ ဘေးဒဏ်ခံနိုင်တဲ့ လူ့အသိုင်းအဝိုင်း တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးသာမက သဘာဝဘေးအန္တရာယ်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန် တွင် ရေဘေးအန္တရာယ် ကြုံတွေ့လာနိုင်သည့် အနေအထားရှိသည့် အတွက် သင့်လေးသင့် ဆောင်ရွက်ထားရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်ဦး က ပြောသည်။
“ဧရာဝတီမြစ်ရေရဲ့အခြေအနေအရ စပိဘုတ်တွေ၊ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အသင့်စုဖွဲ့ပြီး ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ်နဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့လာပါကလည်း အချိန်နဲ့တစ်ပြေးညီ ဆက်သွယ်အကြောင်းကြားပေးဖို့ လိုအပ်ပါတယ်။ မီးသတ်ဦးစီးဌာနကို လည်း လိုအပ်တဲ့ အကူအညီရှိရင် ဖုန်းနံပါတ် ၁၉၁ ကိုဆက်ပြီး တောင်းခံ နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးအတွင်း ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝဘေး အန္တရာယ် ၃၀၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ငွေကျပ်သန်းပေါင်း ၆၄၀ နီးပါး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကာ ငွေကျပ် သန်းပေါင်း ၃၉၀ခန့် ထောက်ပံ့ နိုင်ခဲ့ကြောင်း သိရသည်။
မောင်အေးချမ်း